နာမည်ကျော် ဂန္တဝင် တိုက်စစ်မှူးကြီး တဦး ဖြစ်သူ ဘရာဇီးလ် တိုက်စစ်မှူးဟောင်း ရော်နယ်ဒို (ဒိုကြီး) ကတော့ ယခုနှစ် နွေဈေးကွက် အတွင်းမှာ မက်ဆီ ၊ ရာမို့စ် ၊ ဒွန်နာရမ်မာ ၊ ဟာခီမီ ၊ ဝစ်နယ်ဒန်တို့လို ထိပ်တန်း ကစားသမားတွေကို ခေါ်ယူအားဖြည့်ထားတဲ့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်လိမ့်မယ်လို့ တရားသေ မတွက်ထားသင့်ကြောင်း သတိပေးသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မက်ဆီ ၊ နေမာ ၊ အမ်ဘာပေ ၊ ဒီမာရီယာ ၊ ဗာရက်တီ ၊ မာကွင်ဟို ၊ ရာမို့စ် ၊ ဟာခီမီ ၊ ဒွန်နာရမ်မာ ၊ နာဗက် စတဲ့ ကောင်းပေ့ညွှန်းပေ့ ကမ္ဘာ့အဆင့် ကစားသမားတွေကို ပိုင်ဆိုင်ထားသလို ပိုချက်တီနိုလို ဥရောပရဲ့ အကောင်းဆုံး ထိပ်တန်းနည်းပြတွေထဲက တဦး ရှိနေတာကြောင့် ယခုနှစ်ရဲ့ ဥရောပ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေပါတယ်။

Photo Credit: Marca

ဒါပေမယ့် တချိန်က ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သူ ရော်နယ်ဒိုကတော့ ထိပ်တန်းအဆင့် ကစားသမား အစုအဖွဲ့ ရှိရုံနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ပြီလို့ မယူဆသင့်ကြောင်းကို သူ့ရဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ကာ သတိပေးသွားခဲ့ပါတယ်။

ဘာစီလိုနာ ၊ အင်တာမီလန် ၊ အေစီမီလန်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့လို ထိပ်တန်းအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ရော်နယ်ဒိုဟာ ၂၀၀၂ခုနှစ် ကနေ ၂၀၀၇ခုနှစ်ကြား ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့စဉ်က ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကြယ်စင်စု စီမံကိန်းထဲမှာ ပါဝင်ခဲ့သူ ဖြစ်ပြီး အဆိုပါအချိန်တုန်းက ရီးရဲလ်မက်ဒရစ် အသင်းဟာ ရော်နယ်ဒို ၊ ဖီဂို ၊ ဇီဒန်း ၊ ဘက်ခမ်း ၊ ရာအူးလ် ၊ ရော်ဘတ်တို ကားလို့စ် ၊ ကာဆီးလက်စ် စတဲ့ ထိပ်တန်း ကစားသမားတွေကို ပိုင်ဆိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားတော့ မရခဲ့ပါဘူး။

Photo Credit: Marca

ဒါကြောင့်ပဲ ရော်နယ်ဒိုက သူ့ရဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြကာ ပီအက်စ်ဂျီအသင်းကို သတိပေးခဲ့တာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုက – “ဘယ်အသင်းက ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မလဲ ဆိုတာက ပြောဖို့ စောလွန်းပါသေးတယ်။ အဲ့ဒါမျိုးက ကွာတားဖိုင်နယ်အဆင့်ကို ရောက်မှပဲ မှန်းဆလို့ ရနိုင်မှာပါ။ ပီအက်စ်ဂျီ ကတော့ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဒါပေမယ့် အပြောနဲ့ လက်တွေ့ကတော့ ခြားနားတယ်လေ။ ဘောလုံးပွဲတပွဲကို လွှမ်းမိုးနိုင်တဲ့ အခြား အကြောင်းပြချက်တွေလည်း အများကြီး ရှိပါသေးတယ်။ ကျွန်တော်က ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်စင်စုအသင်းမှာ ၅နှစ်နီးပါး ကစားခဲ့ပေမယ့် ချန်ပီယံလိဂ်တော့ မရခဲ့ပါဘူး။ ဘောလုံးပွဲတပွဲ နိုင်ဖို့ ဆိုတာက ဘယ်တော့မှ သင်္ချာလိုမျိုး တွက်ကြည့်လို့ မရဘူး။ တကယ်လို့ ခင်ဗျားအသင်းမှာ အကောင်းတကာ့ အကောင်းဆုံး ကစားသမားတွေကို ပိုင်ဆိုင်ထားရင်တောင်ပေါ့” လို့ ပြောကြားခဲ့တာပါ။