အယ်လ်နာဆာအသင်းရဲ့ အသင်းခေါင်းဆောင် ဝါရင့် တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက လက်ရှိ အသင်းမှာ အနာဂတ် မရေရာတော့တဲ့ နည်းပြကြီး လူးဝစ် ကက်စထရိုရဲ့နေရာမှာ ရီးယဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းနဲ့ အစားထိုးသွားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြ ကက်စထရိုက ပြီးခဲ့တဲ့ ရာသီကမှ အယ်လ်နာဆာအသင်းကို ကိုင်တွယ်ခဲ့ရင်း အယ်လ်နာဆာအတွက် အာရပ်ကလပ်ချန်ပီယံ ဆုဖလားကို ရယူပေးခဲ့ပေမယ့် ဆော်ဒီလိဂ်မှာ အဓိကပြိုင်ဘက် အယ်လ်ဟီလာနဲ့ ရမှတ် (၁၄)မှတ်အထိတောင် ကွာဟခဲ့ရသလို ကျန်တဲ့ ဆုဖလားတွေနဲ့လည်း လွဲချော်ခဲ့ရပါသးတယ်။

Photo Credit : AFC

ဒါ့အပြင် အခု ဘောလုံးရာသီအစ ဆော်ဒီစူပါဖလား ဖိုင်နယ်ပွဲမှာပါ အယ်လ်နာဆာက အယ်လ်ဟီလာကိုပဲ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရင်း နောက်ထပ် ဆုဖလားတစ်ခုပါ လက်လွတ်လိုက်ရပြန်ပါတယ်။ ဒါကြောင့် နည်းပြ ကက်စထရိုရဲ့ အနာဂတ် အခြေအနေတွေက စတင် လှုပ်ခတ်လာခဲ့ပြီး အယ်လ်နာဆာလည်း နည်းပြအပြောင်းအလဲ လုပ်ဆောင်ဖို့ စဉ်းစားလာခဲ့ပါတယ်။

ရော်နယ်လ်ဒိုကတော့ အယ်လ်နာဆာဘက်ကသာ နည်းပြ ကက်စထရိုကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်မယ်ဆိုရင် သူ့နေရာအတွက် အသင်းဟောင်း ရီးယဲလ်မှာ သူနဲ့အတူ လက်တွဲဖူးခဲ့တဲ့ နည်းပြဇီဒန်းကို အယ်လ်နာဆာအသင်းရဲ့ နည်းပြသစ် ဖြစ်လာစေချင်နေပါတယ်။

Photo Credit : Instagram

ရော်နယ်လ်ဒိုနဲ့ နည်းပြဇီဒန်းတို့က ရီးယဲလ်မက်ဒရစ်အသင်းမှာ အကောင်းဆုံး တွဲဖက်ပြီး ဥရောပ ဘောလုံးလောကရဲ့ အမြင့်မားဆုံးသော ချန်ပီယံလိဂ်ဖလားကြီးကိုပါ (၃)နှစ်ဆက်တိုက်အထိ ဆွတ်ခူးနိုင်ခဲ့ကြပါသေးတယ်။ ဒါကြောင့်လည်း ရော်နယ်လ်ဒိုက အယ်လ်နာဆာမှာပါ နည်းပြဇီဒန်းနဲ့ ထပ်မံ လက်တွဲချင်နေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ကလပ်အသင်းသစ် မကိုင်တွယ်သေးတဲ့ ဇီဒန်းကို ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းက အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ချင်နေပေမယ့် နည်းပြဇီဒန်းကတော့ ဒီကမ်းလှမ်းမှုကို ပယ်ချထားခဲ့ပြီး အခုဆိုရင် ဇီဒန်းက နည်းပြအလုပ်နဲ့ အလှမ်းဝေးနေတာက (၃)နှစ်တောင် ရှိနေပြီပဲ ဖြစ်ပါတယ်။