အယ်လ်နာဆာအသင်းရဲ့ အသင်းခေါင်းဆောင် စူပါစတား တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ပေါ်တိုအသင်းကနေ ထွက်ခွာလာတဲ့ ပေါ်တူဂီ အသင်းဖော် ဝါရင့် ခံစစ်မှူးကြီး ပီပီကို အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့လာစေချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဆော်ဒီပရိုလိဂ်ရဲ့ နာမည်ကျော် ထိပ်သီးကလပ်ဖြစ်တဲ့ အယ်လ်နာဆာအသင်းဟာ ရော်နယ်လ်ဒိုကို ခေါ်ယူပြီးနောက်ပိုင်း သူရဲ့ပေါ်တူဂီနဲ့ မန်ယူနိုက်တက် အသင်းဖော်တွေဖြစ်တဲ့ အော်တာဗီယိုနဲ့ တဲလက်စ်တို့ကိုပါ အသင်းဆီ ခေါ်ဆောင်နိုင်ခဲ့သလို အခုလည်း သူ့အသင်းဖော်တွေကို ထပ်မံ ခေါ်ယူသွားဖို့ ပြင်ဆင်နေပြန်ပါတယ်။

Photo Credit : Al Nassr Zone

အယ်လ်နာဆာမှာ ရော်နယ်လ်ဒို အော်တာဗီယို တဲလက်စ်တို့အပြင် မာနေး ဘရိုဇိုဗစ် လာပေါ့တ် တာလီစကာတို့လို ကစားသမားကောင်းတွေ ရှိနေပေမယ့်လည်း အယ်လ်ဟီလာအသင်းကို ယှဉ်နိုင်ခြင်း မရှိတာကြောင့် နောက်ထပ် ကစားသမားသစ်တွေ ထပ်မံ ဖြည့်တင်းသွားဖို့ လိုအပ်လာခဲ့ပါတယ်။

ဒါကြောင့် အယ်လ်နာဆာအသင်းက လာမယ့် နွေဈေးကွက်အတွင်းမှာ ကစားသမားသစ် အမြောက်အများကို ခေါ်ယူသွားဖို့ စီစဉ်လို့နေပြီး အထူးသဖြင့် ကလပ်အသင်းတွေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးနေမယ့် free agent players တွေကို လစာများစွာနဲ့ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Photo Credit : beIN SPORTS

အယ်လ်နာဆာအသင်း ခေါ်ယူချင်နေတဲ့ free agent ကစားသမားတွေထဲမှာ ဂိုးသမား ဒီဂီယာ နောက်ခံလူဗာရန်းတို့ ရှိနေကြပြီး အခု ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းဖော် ရီးယဲလ်မက်ဒရစ် အသင်းဖော်ဟောင်း ပီပီပါ ပေါ်တိုအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်လို့ ဒီကစားသမားကြီးကို အသင်းဆီ ခေါ်ဆောင်ဖို့ အယ်လ်နာဆာအသင်းထံ ရော်နယ်လ်ဒိုက တိုက်တွန်းလိုက်ပါတယ်။

အသက် (၄၁)နှစ်အရွယ်တောင် ရှိနေပြီဖြစ်တဲ့ ဗဟိုခံစစ်မှူးကြီး ပီပီကလည်း ဘောလုံးသမားဘဝကို အဆုံးသတ်ဖို့ ဆန္ဒမရှိသေးတာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှာ သေချာနေပြီး သူရဲ့လက်ရွေးစင် အသင်းဖော် ရော်နယ်လ်ဒို အပါအဝင် ပေါ်တူဂီ ကစားသမား အများအပြား ရှိနေတဲ့ အယ်လ်နာဆာအသင်းကို ရွေးချယ်သွားဖွယ် ရှိနေပါတယ်။

https://www.youtube.com/watch?v=e_7Wh9uw-ZY