MySport Myanmar

ဂရင်းဝုဒ်ကို အယ်လ်နာဆာအသင်းဆီ ရောက်လာစေချင်နေတဲ့ ရော်နယ်လ်ဒို

ဆော်ဒီအာရေဗျမှာ ဖလားလက်မဲ့ ကာလကို အဆုံးသတ်ဖို့ ကြိုးစားနေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဖော်ဟောင်း မေဆန် ဂရင်းဝုဒ်ကို အယ်လ်နာဆာအသင်းမှာ ပြန်လည်ပေါင်းစည်းဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

မန်ယူနိုက်တက် ကစားသမားဟောင်း ရော်နယ်လ်ဒိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းမှာ သူနဲ့အတူ လက်တွဲဖို့ မန်ယူအသင်းဖော်ဟောင်းဖြစ်တဲ့ မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူချင်နေတယ်လို့ စပိန်အားကစား သတင်းစာကြီး Marca က ဖော်ပြလိုက်ပါတယ်။

Photo Credit : Goal

အိုးထရက်ဖို့ဒ်ကို စွန့်ခွာပြီး ၂၀၂၄ ခုနှစ်မှာ ပြင်သစ်ကလပ် မာဆေးလ်အသင်းကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့တဲ့ ဂရင်းဝုဒ်ဟာ သူ့ရဲ့ခြေစွမ်းကောင်းတွေကြောင့် ကမ္ဘာတစ်ဝှမ်းက ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာဖြစ်ပါတယ်။ ပြင်သစ်မြေက သူ့ရဲ့ပွဲဦးထွက်ရာသီမှာတင် လီဂူး-၁ ပြိုင်ပွဲမှာ (၂၁)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ရွှေဖိနပ်ဆုကို ပူးတွဲရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒီမတိုင်ခင် စပိန်ကလပ် ဂီတာဖေးအသင်းမှာ အငှားသွားရောက်ကစားခဲ့စဉ်ကလည်း ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် စပိန်နဲ့ အီတလီကလပ်အသင်းတွေကလည်း သူ့ကိုစိတ်ဝင်စားနေကြပါတယ်။ လက်ရှိကလပ် မာဆေးလ်အသင်းကတော့ သူတို့ရဲ့ တန်ဖိုးကြီးကစားသမားကို လက်လွှတ်ခံဖို့ ဆန္ဒမရှိပါဘူး။ တကယ်လို့ သူ့ကိုရောင်းချခဲ့မယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေးရဲ့ (၅၀)ရာခိုင်နှုန်းကို မန်ယူနိုက်တက်အသင်းကို ပေးချေရမှာဖြစ်ပါတယ်။

Photo Credit : Goal

ဒါပေမယ့်လည်း Marca သတင်းစာရဲ့ ဖော်ပြချက်အရ ရော်နယ်လ်ဒိုဟာ အရှေ့အလယ်ပိုင်းဒေသမှာ သူကြုံတွေ့နေရတဲ့ ဖလားလက်မဲ့နေရကို အဆုံးသတ်နိုင်ဖို့အတွက် သူ့ဘေးမှာ ခြေစွမ်းထက်မြက်တဲ့ ကစားသမားတွေရှိစေချင်နေတာကြောင့် မာဆေးလ်အသင်းရဲ့ သဘောထားကို စမ်းသပ်ရမယ့် အခြေအနေဖြစ်လာနိုင်ပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ ပေါ်တူဂီအသင်းဖော် ဂျာအို ဖီးလစ်ကို အယ်လ်နာဆာအသင်းဆီ ကြိုဆိုခေါ်ယူထားပြီးဖြစ်ပြီး အခုအခါမှာတော့ ဂရင်းဝုဒ်ကိုပါ အလားတူ လမ်းကြောင်းပေါ်ရောက်လာဖို့ တွန်းအားပေးနေတယ်လို့ ဆိုပါတယ်။ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နှစ်က ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖို့ ကမ်းလှမ်းမှုကို တစ်ကြိမ်ငြင်းပယ်ခဲ့ဖူးပါတယ်။ Marca ရဲ့ သတင်းအရ အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ အဆုံးအဖြတ်ကိုတော့ ဂရင်းဝုဒ်ကိုယ်တိုင်ကသာ ချမှတ်ရမှာဖြစ်ပေမယ့် ရော်နယ်ဒိုရဲ့ ထောက်ခံမှုက သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိလာနိုင်တယ်လို့ သိရပါတယ်။

Exit mobile version