အီတလီ စီးရီးအေပြိုင်ပွဲရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းနဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒို ကတော့ သူဟာ လက်ရှိမှာ အသက်အရွယ် ရလာပြီ ဖြစ်ပေမယ့် နောက်ထပ် နှစ်ပေါင်းများစွာ ဘောလုံးလောကမှာ ဆက်လက် ရှိနေချင်သေးကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ကို ၅ကြိမ် အထိ ရရှိထားတဲ့ ရိုနယ်ဒိုဟာ လာမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့မှာ အသက် ၃၆နှစ် ပြည့်မယ့် ကစားသမား တစ်ဦးဖြစ်ပေမယ့် လက်ရှိ အချိန်အထိ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။

Photo Credit: Goal

ရိုနယ်ဒိုဟာ ဘောလုံးလောကမှာ တခြားကစားသမားတွေ အတွက် နေဝင်ချိန်လို့ သတ်မှတ် ခံထားရတဲ့ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် လက်ရှိအချိန် အထိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၃ဦး စာရင်းထဲ ဝင်နေသလို ၂၀၂၀ ခုနှစ် အတွင်းမှာလည်း အီတလီ စီးရီးအေပြိုင်ပွဲရဲ့ လိဂ်သွင်းဂိုး အများဆုံး ကစားသမား အဖြစ် မှတ်တမ်း ဝင်ခဲ့ပါသေးတယ်။ ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ အတူ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိတော့သူ ဖြစ်တာကြောင့် အဆိုပါ စာချုပ်သက်တမ်း ကုန်ဆုံးရင် ကစားသမား ဘဝ ကနေ အနားယူဖွယ် ရှိကြောင်း သုံးသပ်မှုတွေ ရှိနေပေမယ့် ရိုနယ်ဒို ကတော့ BBCနဲ့ ပြုလုပ်ခဲ့တဲ့ နောက်ဆုံး အင်တာဗျူးမှာ သူဟာ နောက်ထပ် နှစ်ပေါင်းများစွာ ဘောလုံးကန်ချင်သေးကြောင်း ပြောကြား သွားပါတယ်။

Photo Credit: Goal

သူ့ရဲ့ ကစားသမား ဘဝနဲ့ ပတ်သတ်ပြီး ရိုနယ်ဒိုက “အသက်အရွယ် ဆိုတာက အရေးမကြီးပါဘူး။ အရေးအကြီးဆုံးက ကိုယ့်ရဲ့ စိတ်ဓာတ်ပိုင်းပါပဲ။ ခရစ္စတီယာနို ရိုနယ်ဒိုက ကောင်းတယ် ဆိုတာဟာ အရေးမကြီးပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ မနက်ဖြန်မှာ ဘာတွေ ဖြစ်နိုင်လဲ ဆိုတာ ဘယ်သူ့မှ ကြိုတင်ပြီး မသိလို့ပါပဲ။ ကျွန်တော်က ပစ္စုပ္ပန်မှာပဲ နေထိုင်သူ တစ်ဦးပါ။ ကျွန်တော့်အတွက် လက်ရှိ အချိန်က အရေးကြီးပါတယ်။ အခုချိန်က ကောင်းပါတယ်။ ကျွန်တော် ပျော်ရွှင်နေတယ်။ ပြီးတော့ ခြေစွမ်းတွေ ထက်မြက်နေတုန်းပဲ လို့ ခံစားရပြီး ကျွန်တော့်ရဲ့ ဘဝမှာ အကောင်းဆုံး အခိုက်အတန့် တစ်ခုကို ရောက်ရှိ နေပါတယ်။ နောက်ထပ် နှစ်ပေါင်းများစွာ ဘောလုံး ဆက်ကစားသွားချင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလို အနာဂတ်ကို ဘယ်သူမှတော့ မသိနိုင်ဘူးလေ” လို့ ဖြေကြား သွားခဲ့တာပါ။