ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ ပေါ်တူဂီတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက မကြာမီ ကျင်းပတော့မယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့အသင်းကသာ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ရင် သူ့ရဲ့ အစဉ်အလာပြိုင်ဘက် မက်ဆီရဲ့ အာဂျင်တီးနားနဲ့ တွေ့ဆုံချင်ကြောင်း ပီယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုက သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ အဖြစ် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေသလို တဖက်မှာလည်း မက်ဆီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးရင် သူဟာ အာဂျင်တီးနားအသင်း ကနေ အနားယူဖွယ် ရှိကြောင်း ထုတ်ဖော် ပြောဆိုထားသူပါ။

Photo Credit: Talksports

ဒါကြောင့်ပဲ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစုလုံး ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တဲ့ ရိုနယ်ဒိုနဲ့ မက်ဆီ နှစ်ယောက်စလုံး အတွက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နောက်ဆုံး ယှဉ်ပြိုင် ကစားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်ပြီး ဘောလုံးပရိသတ်တွေကတော့ မက်ဆီနဲ့ ရိုနယ်ဒိုတို့ နှစ်ယောက်ထဲက တယောက်ကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ချန်ပီယံ အဖြစ် မြင်တွေ့ချင်နေကြပါတယ်။

ရိုနယ်ဒိုကတော့ ပီယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူဟာ မက်ဆီကို အသင်းဖော် တဦးလို လေးစားသလို မက်ဆီက မှော်ဆန်တဲ့ ကစားသမား တဦး ဖြစ်ကြောင်း ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး သူ့ရဲ့ ပေါ်တူဂီနဲ့ မက်ဆီရဲ့ အာဂျင်တီးနားကသာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ရင် အတော်လေးကို ကောင်းလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

Photo Credit: Talksports

ရိုနယ်ဒိုက – “တကယ်လို့ ကျွန်တော်တို့နဲ့ အာဂျင်တီးနားသာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ရင် ဒါက အတော်လေးကို ကောင်းပါလိမ့်မယ်။ ပြီးတော့ အိမ်မက် တခုလို့တောင် ထင်ချင် ထင်နေဦးမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရိုနယ်ဒိုက မက်ဆီကို မှော်ဆန်တဲ့ ကစားသမား တဦး ဖြစ်ကြောင်း ယခုလို ချီးကျူးသွားခဲ့ပါတယ်။ ရိုနယ်ဒိုက – “မက်ဆီက တကယ်ကို တော်တဲ့ ကစားသမားပါ။ သူက မှော်ဆန်ပါတယ်။ လူသား တယောက်အနေနဲ့လည်း သူဟာ အရမ်းတော်ပါတယ်။ သူနဲ့ ကျွန်တော်က ၁၆နှစ်တိုင်တိုင် အမြင့်ဆုံး ဆိုတဲ့ နေရာတခုမှာ ရှိနေခဲ့တာပါ။ ကျွန်တော်နဲ့ သူနဲ့ ကြားမှာ ဆက်ဆံရေးကောင်း တခု ရှိပါတယ်။ ကျွန်တော်က သူနဲ့ ဖုန်းတွေပြော ၊ သူ့ရဲ့ အိမ်ကို လိုက်လည်တဲ့ သူငယ်ချင်းမျိုးတော့ မဟုတ်ပေမယ့် သူက ကျွန်တော့်အတွက် အသင်းဖော် တဦးလိုပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။