ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကတော့ သူ့ရဲ့ တကျော့ပြန် မန်ချက်စတာ ယူနိုက်တက် ခရီးစဉ်ရဲ့ ပထမနှစ်မှာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရပေမယ့် လာမယ့် ဘောလုံးရာသီမှာတော့ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ မျှော်လင့်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ ဂျူဗင်တပ်ကနေ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

Photo Credit: 90 Mins

ရိုနယ်ဒိုရဲ့ တကျော့ပြန် မန်ချက်စတာ ယူနိုက်တက် ခရီးစဉ်ရဲ့ ပထမနှစ်က ထင်ထားသလို အောင်မြင်မှုတွေ မရခဲ့ပဲ မန်ချက်စတာ ယူနိုက်တက်က ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပေမယ့် ရိုနယ်ဒိုကတော့ သူ့ရဲ့ ဂိုးသွင်း စွမ်းရည်ကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၃၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ် အများစုက ရိုနယ်ဒိုဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ယုံကြည်နေကြပြီး ရိုနယ်ဒိုကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့် မရတာကြောင့် အသင်းကနေ မထွက်ခွာဖို့ တောင်းဆိုနေကြပါတယ်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၅ကြိမ်တိုင် ရရှိထားတဲ့ ရိုနယ်ဒိုက သူ့ရဲ့ ကစားသမားဘဝ တခုလုံးမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ တခုထဲသာ ဝင်ရောက် ယှဉ်ပြိုင်လာခဲ့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ဥရောပဝင်ခွင့်နဲ့ လွဲချော်သွားချိန်မှာ ရိုနယ်ဒို တယောက် အသင်းသစ် ရှာတော့မယ်လို့ ကောလဟာလ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် ရိုနယ်ဒိုကတော့ မန်ချက်စတာ ယူနိုက်တက်အပေါ် သစ္စာရှိကြောင်း ပြသတဲ့ အနေနဲ့ အသင်းမှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: 90 Mins

ဒါ့အပြင် ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ရာသီသစ်မှာ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ရိုနယ်ဒိုက – “ကျွန်တော့်အတွက် အရေးကြီးဆုံးက ပွဲစဉ်တိုင်းကို အနိုင်ရအောင် ကြိုးပမ်းဖို့နဲ့ လိဂ်ဖလားတွေ ၊ ဆုဖလားတွေ ရအောင် ကြိုးပမ်းဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က အခုချိန်မှာ ကိုယ်ရှိသင့်တဲ့ နေရာတခုမှာ ရှိမနေသေးပေမယ့် တနေ့မှာ ကျွန်တော်တို့တွေ နေရာမှန်ကို ပြန်ရောက်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ တန်ဟက်ဂ်ကတော့ အတွေ့အကြုံရင့်တဲ့ နည်းပြတဦး ဖြစ်သလို အေဂျက်နဲ့အတူ သူ စွမ်းဆောင်ပြခဲ့တာတွေက အတော်လေး ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ သူ့ကို အချိန်နည်းနည်း ပေးဖို့ လိုအပ်ပါလိမ့်မယ်။ ပြီးတော့ အသင်းကိုလည်း သူ လိုချင်တဲ့ ပုံစံအတိုင်း ပြောင်းလဲပေးဖို့ လိုပါတယ်။ ကျွန်တော်ကတော့ သူ့အတွက် အကောင်းဆုံး အရာတွေပဲ ရောက်လာပါစေလို့ ဆုတောင်းပေးပါတယ်။ ပြီးတော့ လာမယ့်ရာသီမှာ ကျွန်တော်တို့ အတူတူ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။