မကြာသေးမီကပဲ ဆော်ဒီနာမည်ကြီးကလပ် အယ် နက်ဆာထံ ၂နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ထားတဲ့ ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း တဦး ဖြစ်သူ ပီပီကို ဆော်ဒီမြေဆီ ခေါ်ပေးဖို့ အယ် နက်ဆာရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မကြာခင်မှာ အသက် ၃၈နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုက တနှစ် လုပ်ခလစာ ယူရို ၂၀၀သန်းကျော်နဲ့ အယ် နက်ဆာထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်သလို အယ် နက်ဆာရဲ့ ဥက္ကဌကိုယ်တိုင်က ရိုနယ်ဒိုကို အသင်းရဲ့ ရတနာ တပါးလို ဆက်ဆံနေပါတယ်။

Photo Credit: Marca

ဒါကြောင့်လည်း ရိုနယ်ဒိုက ကစားသမားသစ် ဖြစ်ပေမယ့် အယ် နက်ဆာရဲ့ ဘုတ်အဖွဲ့အပေါ် လွှမ်းမိုးနိုင်စွမ်း ရှိပြီး ရိုနယ်ဒိုက အယ် နက်ဆာကို ဆော်ဒီလိဂ်မှာသာမကပဲ အာရှတိုက်မှာ အကောင်းဆုံးအသင်း တသင်း ဖြစ်လာစေချင်တာကြောင့် အသက်အရွယ် ရနေပေမယ့် ကစားပုံ ကောင်းသေးတဲ့ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း ပီပီကို အယ် နက်ဆာမှာ မြင်တွေ့ချင်နေတာပါ။

ရိုနယ်ဒိုနဲ့ ပီပီတို့က ဆယ်စုနှစ် ၂စုကျော်ကြာ ခင်မင်လာသူတွေ ဖြစ်သလို ရီးရဲလ်မက်ဒရစ်မှာလည်း အတူတကွ တွဲဖက် ကစားခဲ့ဖူးပြီး ပီပီက ရိုနယ်ဒိုနဲ့ ပတ်သတ်ရင် ဆတ်ဆတ်ထိ မခံတတ်တဲ့ လူတဦး ဖြစ်ကြောင်း သူတို့နှစ်ဦးနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားဖူးပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ အယ် နက်ဆာက ခံစစ်ပိုင်း အတွက် ဝါရင့် နောက်ခံလူ တဦး ခေါ်ယူဖို့ စဉ်းစားနေပြီး ရိုနယ်ဒိုကတော့ အယ် နက်ဆာကို သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း ပီပီအား ခေါ်ယူဖို့ တိုက်တွန်း အကြံပေးထားကြောင်း သိရပါတယ်။

အသက် ၃၉နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ဝါရင့် ခံစစ်မှူး ပီပီက လက်ရှိမှာ ပေါ်တူဂီ နာမည်ကြီးကလပ် ပေါ်တိုမှာ ကစားနေသူ ဖြစ်ပြီး ပီပီနဲ့ ပေါ်တိုတို့ ကြားထဲမှာ စာချုပ်သက်တမ်း ၆လသာ ကျန်တော့တာကြောင့် အယ် နက်ဆာက ပီပီကို ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်သလို ယခု ဆောင်းဈေးကွက် အတွင်းမှာလည်း ပြောင်းရွှေ့ကြေး ယူရို ၂သန်း ဝန်းကျင် ပေးချေရုံနဲ့ ခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။