ဂျုဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုက သူရဲ့အသင်းဟောင်းဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ သူနဲ့အတူ အချိန်ကြာရှည်စွာ တွဲဖက်ကစားခဲ့ဖူးတဲ့ ဝါရင့်ဘရာဇီးနောက်ခံအစွန်လူ မာဆယ်လိုကို ခေါ်ဆောင်သွားပေးဖို့အတွက် ဂျုဗင်တပ်စ်အသင်းဆီကို ထပ်မံတောင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ အီတလီမီဒီယာတွေကနေ ဖော်ပြလာခဲ့ပြီး အပြောင်းအရွှေ့လည်း ဖြစ်လာနိုင်စရာရှိတယ်လို့ သိရှိရပါတယ်။

Photo Credit : BeSoccer

အသက်(၃၂)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် နောက်ခံအစွန်လူ မာဆယ်လိုဟာ လွန်ခဲ့တဲ့ ၂ဝဝရခုနှစ်ကတည်းက ဘရာဇီးကလပ် ဖလူမင်နီစ်အသင်းကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် နှစ်ကြာမြင့်စွာ ပါဝင်ကစားခဲ့ကာ ဆုဖလားအောင်မြင်မှုများစွာကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မာဆယ်လိုဟာ သူရဲ့အသင်းဖော်ဟောင်း ရော်နယ်ဒိုနဲ့အတူလည်း ဥရောပချန်ပီယံလိဂ်ဆုဖလားကို (၄)ကြိမ်အထိကို ရယူနိုင်ခဲ့ပြီး (၂)ယောက်ကြားမှာလည်း တအားရင်းနှီးတဲ့ ဆက်ဆံရေးကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit : Marca

ဒီလို ဆက်ဆံရေးကောင်းတွေ ပိုင်ဆိုင်ခဲ့တဲ့ ရော်နယ်ဒိုနဲ့ မာဆယ်လိုတို့ကို အသင်းတစ်သင်းတည်းမှာ ပြန်လည်မြင်တွေ့ရဖို့ အကြောင်းဖန်လာခဲ့ပြီး အီတလီအခြေစိုက် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုကိုယ်တိုင် မာဆယ်လိုကို ခေါ်ဆောင်ပေးဖို့ ဂျုဗင်တပ်စ်အသင်းဆီ နောက်တစ်ကြိမ် တောင်းဆိုထားခဲ့ပြီး ရီးရဲလ်အသင်းဘက်ကလည်း လာမယ့်နွေစျေးကွက်အတွင်းမှာပဲ မာဆယ်လိုကို အသင်းကနေ ရောင်းချသွားဖွယ် ရှိနေတာကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်လာနိုင်ဖို့က အခြေအနေကောင်းလို့နေပါတယ်။ မာဆယ်လိုဟာ လာမယ့် ၂၀၂၂ခုနှစ်မှာ ရီးရဲလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်ကနေ မာဆယ်လိုကို သက်တမ်းမတိုးလိုတော့ပဲ ပြောင်းရွှေ့ကြေးတချို့နဲ့သာ ရောင်းချသွားဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲလ်အသင်းဟာ မာဆယ်လိုနဲ့အတူ နောက်ထပ်အဓိကနောက်ခံလူတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်နဲ့ ရာဖယ်ဗာရန်းတို့ကိုပါ လာမယ့်နွေစျေးကွက်အတွင်းမှာ လက်လွတ်ရဖွယ် ရှိနေတာကြောင့် ဒေးဗစ်အလာဘာအပါအဝင် ခံစစ်ကစားသမားသစ်များစွာကို ပြန်လည်ခေါ်ယူရဖွယ် ရှိနေပါတယ်။