ခရစ္စတီယာ ရော်နယ်လ်ဒိုကတော့ သူနဲ့ ရီးယဲလ် မက်ဒရစ်မှာရော မန်ချက်စတာ ယူနိုက်တက်အသင်းမှာပါ တွဲဖက် ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း ကက်စီမဲရိုးကို ခေါ်ယူပေးဖို့ အယ်လ်နာဆာအသင်းထံ တိုက်တွန်းမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

ဆော်ဒီပရိုလိဂ်ရဲ့ ထိပ်သီးကလပ် အယ်လ်နာဆာအသင်းဟာ ဘောလုံးလောကရဲ့ GOAT တစ်ဦးဖြစ်သူ ရော်နယ်လ်ဒိုကို ခေါ်ယူပြီးနောက်ပိုင်း မာနေး ဘရိုဇိုဗစ် လာပေါ့တ် တဲလက်စ်တို့ကိုပါ ခေါ်ယူအားဖြည့်ပြီး အသင်းက အလွန်တောင့်တင်းတဲ့ အစုအဖွဲ့တစ်ခုကို ပိုင်ဆိုင်ထားရပါတယ်။

 

Photo Credit : The Independent

လက်ရှိမှာလည်း အယ်လ်နာဆာက ဥရောပရဲ့ ထိပ်တန်း ကစားသမားတွေကို ထပ်မံ ခေါ်ယူဖို့ စီစဉ်လို့နေပြီး အယ်လ်နာဆာ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုကိုယ်တိုင်ပါ အယ်လ်နာဆာအတွက် ခေါ်ယူသင့်တဲ့ ကစားသမားတစ်ဦးကို အရ ခေါ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီကစားသမားက လက်ရှိ မန်ယူနိုက်တက်အသင်းမှာ ပါဝင်ကစားနေတဲ့ ဘရာဇီးလ် ကွင်းလယ်လူ ကက်စီမဲရိုးပဲ ဖြစ်ပါတယ်။ အသက် (၃၁)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ကစားသမား ကက်စီမဲရိုးဟာ လက်ရှိ ယူနိုက်တက်အသင်းမှာ အနာဂတ် အခြေအနေ လှုပ်ခတ်နေတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်နေပါတယ်။

Photo Credit : UtdDistrict

မနှစ်က ဘောလုံးရာသီကမှ ရီးယဲလ်ကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာပြီး သူရဲ့ ယူနိုက်တက် ကစားသမားဘဝ တာထွက်မှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းသွားသလို ဒဏ်ရာ ပြသာနာတွေနဲ့ပါ ရုန်းကန်နေရပါတယ်။

ကက်စီမဲရိုးကို ယူနိုက်တက်က ဒီဈေးကွက်အတွင်း အသင်းမှာသာ ဆက်လက် ထိန်းသိမ်းထားချင်ပေမယ့် လာမယ့်နွေမှာတော့ အသင်းကနေ ရောင်းထုတ်သွားနိုင်တာကြောင့် ရော်နယ်လ်ဒိုက သူ့အသင်းဖော်ဟောင်းကို ခေါ်ယူသွားဖို့ အယ်လ်နာဆာအသင်းထံ တိုက်တွန်းထားခဲ့တာ ဖြစ်ပါတယ်။