အီတလီ စီးရီးအေ အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ရိုနယ်ဒိုဟာ လက်ရှိ အသင်းဖော်တွေနဲ့ သူ့ရဲ့ကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေး မရှိတော့သလို တစ်ဦးထဲ သင်းကွဲသလို ဖြစ်နေတာကြောင့် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ ရိုနယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းဟာ ယခုနှစ်မှာ နောက်ဆုံး ၇ရာသီဆက်တိုက် ရရှိထားတဲ့ စီးရီးအေချန်ပီယံဆုကို လက်လွှတ်ခဲ့ရသလို လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့လည်း ရုန်းကန်နေရတာကြောင့် ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရတဲ့ အသင်းပါ။

Photo Credit: Express

ထို့အပြင် လက်ရှိ ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ ပီယာလိုဟာ ရိုနယ်ဒိုကို လူသိရှင်ကြား ဝေဖန်မှုတွေ ပြုလုပ်ထားသလို မကြာမီမှာ ပီယာလိုရဲ့ နေရာကို အစားဝင်ရောက်မယ့် နည်းပြအဖြစ် ရေပန်းစားနေတဲ့ ဂျူဗင်တပ်အသင်းရဲ့ နည်းပြဟောင်း အယ်လီဂရီနီက ရိုနယ်ဒိုဟာ အသင်းရဲ့ ခေါင်းဆောင်ကောင်းတဦး မဟုတ်ကြောင်းနဲ့ ဂျူဗင်တပ်အသင်းဟာ ရိုနယ်ဒိုကို ရောင်းချသင့်ကြောင်း အင်တာဗျူးတခုမှာ ပြောကြား ထားတာကြောင့် ပီယာလို (သို့) အယ်လီဂရီနီသာ ဂျူဗင်တပ်အသင်းမှာ ရှိနေရင် ရိုနယ်ဒိုဟာ မကြာခင်မှာပဲ ဂျူဗင်တပ်အသင်းကို စွန့်ခွာရဖွယ် ရှိပါတယ်။ အသက် ၃၆နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင် ရိုနယ်ဒိုဟာ ကစားသမားဘဝ နောက်ဆုံးအချိန်ကို ရောက်ရှိနေသူ ဖြစ်ပေမယ့် သူ့ရဲ့ ဂိုးသွင်းနှုန်းတွေဟာ ကျဆင်းသွားခြင်း မရှိသေးပဲ လက်ရှိရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၂ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။

 

Photo Credit: Express

လက်ရှိမှာတော့ ရိုနယ်ဒိုကို ခေါ်ယူဖို့ အတွက် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းတို့က စောင့်ကြည့်နေကြပြီး ဂျူဗင်တပ်အသင်းကလည်း အသင်းရဲ့ အနည်းငယ် ကျပ်တည်းနေတဲ့ ဘဏ္ဏာရေးပိုင်းကို အင်အားဖြည့်တင်းဖို့ အတွက် ရိုနယ်ဒိုကို ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းခန့် ရရှိရုံနဲ့ ရောင်းချသွားမှာ ဖြစ်ကြောင်း တူရင်မြို့ အခြေစိုက် သတင်းတွေက ဆိုပါတယ်။ ပြင်သစ်အခြေစိုက် သတင်းဌာနတွေကတော့ ရိုနယ်ဒိုကို ခေါ်ယူနိုင်ဖို့ အတွက် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းထက် ပီအက်စ်ဂျီအသင်းက ပိုမို အခွင့်အလမ်း သာနေကာ ရိုနယ်ဒိုဟာလည်း သူ့အတွက် စိန်ခေါ်မှုအသစ် ဖြစ်တဲ့ ပြင်သစ်မြေကို သွားရောက် ကစားဖို့ ဆန္ဒရှိနေကြောင်း ဖော်ပြထားပါတယ်။