ဂျုဗင်တပ်စ်အသင်းနဲ့ အီတလီစီးရီးအေချန်ပီယံဆုကို (၂)ရာသီဆက်တိုက် ရယူပေးခဲ့ပြီး ဒီရာသီမှာလည်း အသင်းအတွက် စီးရီးအေသွင်းဂိုး(၃၁)ဂိုးအထိပါ သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကိုဗစ်မဖြစ်ခင် ၂၀၂၀နှစ်စပိုင်းလောက်တုန်းက ဂျုဗင်တပ်စ်မှာ မပျော်ရွှင်တော့လို့ ပြင်သစ်လီဂူးပြိုင်ပွဲရဲ့ထိပ်သီးအသင်းကြီးဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ကစားဖို့ စီစဉ်ခဲ့ရာ ပြောင်းရွှေ့ဖြစ်ဖို့တောင် အတော်လေးနီးစပ်ခဲ့သေးတယ်လို့ ပြင်သစ်သတင်းမီဒီယာတစ်ခုကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်(၃၅)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ ၂၀၁၉နှစ်ကုန်ပိုင်းလောက်က လိုကိုမိုးတစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်ပြီးနောက်မှာ အသင်းရဲ့စွမ်းရည်ဆောင်နဲ့ပတ်သက်ပြီး အတော်လေးကို စိတ်ပျက်မိခဲ့တာကြောင့် အသင်းနဲ့ လမ်းခွဲဖို့အထိပါ စီစဉ်လာခဲ့ပြီး သူ့ကိုအမြဲလိုလို အလိုရှိနေတဲ့ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ကာ နေမာ ဘာပေတို့နဲ့အတူ ပူးပေါင်းဖို့အထိ ရော်နယ်ဒိုဘက်ကနေ စဉ်းစားခဲ့တယ်လို့ France Football ကနေ ဖော်ပြလာခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်း အခြေစိုက်ရာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆိုတာ ရော်နယ်ဒိုအတွက်တော့ အမှတ်တရကောင်းတွေနဲ့ ပြည့်နက်နေတဲ့ နေရာတစ်ခုဖြစ်ပြီး ဒီနေရာမှာပဲ ရော်နယ်ဒိုဟာ သူရဲ့ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၆ယူရိုပြိုင်ပွဲရဲ့ချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုကိုယ်တိုင်က နေမာ ဘာပေတို့နဲ့ တိုက်စစ်မှာ တွဲဖက်ကစားချင်တဲ့ စိတ်ဆန္ဒရှိသူလည်းဖြစ်လို့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ လက်ခံခဲ့ပေမယ့်လည်း ကိုဗစ်ဖြစ်သွားချိန်မှာတော့ အပြောင်းအရွှေ့တွေက ပျက်ပြယ်ခဲ့ရပြီး ရော်နယ်ဒိုလည်း ဂျုဗင်တပ်စ်ပဲ ကျန်ရစ်ခဲ့ရတာဖြစ်တယ်လို့ France Football ကနေ အသေးစိတ်ဖော်ပြထားပါတယ်။ အသင်းပြောင်းခဲ့ခြင်း မရှိခဲ့ပေမယ့် ကိုဗစ်အလွန် ဘောလုံးပွဲတွေ ပြန်လည်စတင်ချိန်မှာတော့ ရော်နယ်ဒိုဟာ သူရဲ့သွင်းဂိုးတွေနဲ့ ဂျုဗင်တပ်စ်အသင်းကို စီးရီးအေချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီး လာမယ့်နှစ်မှာလည်း အသင်းနဲ့ စီးရီးအေချန်ပီယံဆုကို ဆက်လက်ရယူသွားဦးမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။ ဒါပေမယ့် သတင်းမီဒီယာတချို့ကတော့ ရော်နယ်ဒိုအနေနဲ့ လာမယ့်ရာသီအထိ ဂျုဗင်တပ်စ်မှာ ဆက်လက်ရှိနေဦးမလားဆိုတာ မသေချာသေးဘူးလို့ ခန့်မှန်းပြောဆိုနေကြဆဲပါပဲ။