ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အင်္ဂလန်ဒါဘီမှာ ခါးသီးပြိုင်ဘက် လီဗာပူးအသင်းကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ မျက်နှာကို ထောက်ပြီး ကြိုးစားကြဖို့ အသင်းဖော်တွေကို တိုက်တွန်းသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၉) အဖြစ် ခါးသီးပြိုင်ဘက် လီဗာပူးအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လက်ခံ ကစားခဲ့ရာ ခံစစ်ပိုင်း အမှားအယွင်းတွေကြောင့် ၀-၅ ဆိုတဲ့ ရလဒ်နဲ့ မရှုမလှ အရေးနိမ့်ခဲ့ကာ အဆိုပါပွဲစဉ်အပြီးမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမား အများစုဟာလည်း ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit: Euro Sports

အဆိုပါပွဲစဉ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ၂၀၂၁ခုနှစ် အတွင်း အဆိုးဝါးဆုံး ရှုံးပွဲ ဖြစ်ခဲ့ပြီး ထောင်နဲ့ချီတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေကလည်း ပွဲမပြီးခင်မှာတင် အိမ်ပြန်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမား တယောက်ချင်းစီတိုင်းဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ရိုနယ်ဒို ကတော့ သူတို့ဟာ ပရိသတ်တွေ အတွက် ရလဒ်ကောင်းတွေ ပြန်လည် ရယူပေးနိုင်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ပွဲအပြီးမှာ အသင်းဖော်တွေကို ဆော်ဩသွားခဲ့ပါတယ်။

Photo Credit: Euro Sports

ရိုနယ်ဒိုက – “ တခါတလေတော့ တိုက်ပွဲဝင်နေရင်းနဲ့ ကိုယ်လိုချင်တဲ့ ရလဒ်ကို မရတာမျိုး ရှိတတ်ပါတယ်။ တခါတလေကျလည်း ကိုယ်မလိုချင်တဲ့ ရလဒ်တွေ ရတတ်ပါတယ်။ ဒါပေမယ့် ဒီလို ရလဒ်ဆိုးတွေ အတွက် ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမှာပါ။ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေက အမြဲတမ်းကို အံ့အားသင့်စရာ ကောင်းအောင် အားပေးနေတဲ့သူတွေပါ။ သူတို့က ဒီထက် ပိုကောင်းတဲ့ အရာတွေနဲ့ ထိုက်တန်ကြပါတယ်။ သူတို့ဆီကို အပျော်တွေ ရောက်ရှိအောင် ကြိုးစားပေးရမယ့် အချိန်ကို ရောက်ပါပြီ” လို့ တိုက်တွန်းသွားခဲ့တာပါ။