ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အသင်းအပေါ် အကျိုးအပြုဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရကြောင်း အချက်အလက် မှတ်တမ်းတွေအရ သိရပါတယ်။

အသက် ၃၆နှစ် ရှိနေပြီ ဖြစ်တဲ့ ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ကစားသမားဘဝ နောက်ဆုံးအချိန် အပိုင်းအခြားကို ရောက်ရှိနေသူ ဖြစ်ပေမယ့် လက်ရှိအချိန် အထိ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အတွက်လည်း မရှိမဖြစ် ကစားသမား တဦး ဖြစ်ပါတယ်။

Photo Credit: Express

ရိုနယ်ဒိုဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပွဲတိုင်း ဂိုးသွင်းထားတဲ့ ကစားသမားတွေထဲက တဦး ဖြစ်ပြီး အုပ်စုပွဲစဉ် ၄ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၅ဂိုး အထိ ရရှိထားကာ သူ့ရဲ့ သွင်းဂိုးတွေက မန်ချက်စတာ ယူနိုက်တက်အသင်းကို ရမှတ်တွေ ရရှိစေခဲ့တဲ့ သွင်းဂိုးတွေဆိုလည်း မမှားပါဘူး။

ရိုနယ်ဒိုရဲ့ သွင်းဂိုး ၅ဂိုးမှာ ပွဲကစားချိန် နောက်ဆုံးမိနစ် အပိုင်းအခြားတွေမှာ သွင်းယူတဲ့ သွင်းဂိုး ၃ဂိုး အထိ ပါဝင်သလို အဆိုပါ သွင်းဂိုး ၃ဂိုးကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၂ပွဲနိုင် ၊ ၁ပွဲ သရေ ဆိုတဲ့ ရလဒ်ကောင်းကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Express

ဒါကြောင့် ရိုနယ်ဒိုဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ရမှတ် ၇မှတ် အထိ စုဆောင်းပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အသင်းအပေါ် အကျိုးအပြုဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

ဒါ့အပြင် ယခုနှစ် ဘောလုံးရာသီမှာ ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ သွင်းဂိုးထဲက ၆၀ရာခိုင်နှုန်းကျော်ဟာ အသင်းအတွက် ရမှတ်တွေ စုဆောင်းပေးနိုင်ခဲ့တဲ့ သွင်းဂိုးတွေ ဖြစ်နေကြောင်းလည်း အံ့အားသင့်ဖွယ် သိရှိထားရပါတယ်။