ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အယ် ဝါဒါ ၀-၄ အယ် နက်ဆာ ပွဲစဉ်မှာ တဦးထဲ သွင်းဂိုး ၄ဂိုး အထိ သွင်းယူကာ ဆော်ဒီမြေရဲ့ ပထမဦးဆုံး ဟက်ထရစ်ကို ရရှိသွားခဲ့ပါတယ်။

အယ် ဝါဒါ ၀-၄ အယ် နက်ဆာ ပွဲစဉ်ဟာ ရိုနယ်ဒိုရဲ့ အယ် နက်ဆာ ကစားသမား ဘဝ တတိယမြောက် ဆော်ဒီလိဂ်ပွဲ ဖြစ်ပြီး အဆိုပါပွဲမှာ ရိုနယ်ဒိုက အယ် နက်ဆာရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင် ကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၁မိနစ် ၊ ၄၀မိနစ် ၊ ၅၃မိနစ်နဲ့ ၆၁မိနစ်တို့မှာ တဦးထဲ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Mirror

အယ် နက်ဆာနဲ့အတူ ရခဲ့တဲ့ ဟက်ထရစ်က ရိုနယ်ဒိုရဲ့ ကစားသမား ဘဝ ၆၁ကြိမ်မြောက် ဟက်ထရစ် ဖြစ်သလို အသက် ၃၀ ပြည့်ပြီးမှ သွင်းယူခဲ့တဲ့ အကြိမ် ၃၀မြောက် ဟက်ထရစ် ဖြစ်ကြောင်းလည်း သိရပါတယ်။

မှတ်တမ်းတွေအရ ခရစ္စတီယာနို ရိုနယ်ဒိုက ဘောလုံးသမိုင်းမှာ ဟက်ထရစ် အများဆုံး သွင်းယူထားတဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်နေကြောင်း သိရှိရပြီး ရိုနယ်ဒိုရဲ့ နောက်မှာတော့ သူ့ရဲ့ မဟာပြိုင်ဘက် မက်ဆီက ဟက်ထရစ် ၅၆ကြိမ်နဲ့ ဒုတိယမြောက် ဟက်ထရစ် အများဆုံး ကစားသမား ဖြစ်နေပါတယ်။

Photo Credit: Mirror

တတိယနေရာမှာ ဘာစီလိုနာ တိုက်စစ်မှူးတွေ ဖြစ်တဲ့ လီဝန်ဒေါစကီးနဲ့ ဆွာရက်ဇ်တို့က ဟက်ထရစ် ၂၉ကြိမ်စီနဲ့ အတူတကွ ရပ်တည်နေကြပြီး စတုတ္ထနေရာမှာတော့ ကစားသမား ဘဝကနေ အနားယူသွားတဲ့ တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဂိုးမက်စ်နဲ့ အဂူရိုတို့က ဟက်ထရစ် ၁၈ကြိမ်စီနဲ့ ရှိနေကြပါတယ်။

ရိုနယ်ဒိုက ဒီရာသီမှာ အယ် နက်ဆာ အတွက် စုစုပေါင်း ၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူထားနိုင်ပြီး သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တွေ မကျဆင်းသေးကြောင်းကို အကောင်းဆုံး သက်သေပြထားပါတယ်။