ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ၂၀၀၃ခုနှစ် မှာ စပို့တင်းအသင်း ကနေ ခရစ္စတီယာနို ရိုနယ်ဒိုကို ပြောင်းရွှေ့ကြေး ယူရို ၁၉သန်းနဲ့ ခေါ်ယူခဲ့တာဟာ အင်္ဂလန် ပရီးမီးယားလိဂ် သမိုင်းရဲ့ အကောင်းဆုံး အပြောင်းအရွှေ့ အဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရှိ ရပါတယ်။ လက်ရှိမှာ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်သလို အီတလီ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းရဲ့ အဓိက ဂိုးသွင်းစက် တစ်လုံးအဖြစ် သတ်မှတ် ခံထားရတဲ့ ရိုနယ်ဒိုဟာ ကမ္ဘာ့ ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရပြီး သူ့ရဲ့ အောင်မြင်တဲ့ ဘောလုံးသမား ဘဝအစဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အစပျိုးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit:  Standard

၂၀၀၃ခုနှစ်မှာ ကစားခဲ့တဲ့ စပို့တင်းလစ္စဘွန်း အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ ခြေစမ်းပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို တစ်ဦးထဲ ဒုက္ခပေးနိုင်ခဲ့တဲ့ ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြကြီး ဖာဂူဆန်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ဖာဂူဆန်ဟာ အဆိုပါပွဲစဉ် ပြီးဆုံးချိန် မှာပဲ အဆိုပါ ကာလက အသက် ၁၈နှစ် အရွယ် ကစားသမား တစ်ဦးအတွက် ဘယ်အသင်းမှ ပေးချေခြင်း မရှိတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၉သန်းကို ပေးချေခဲ့ပါတယ်။ အဲ့ဒီနောက် မှာတော့ ရိုနယ်ဒိုဟာ ဖာဂူဆန်ရဲ့ သင်ပြညွှန်ကြားမှုတွေ အောက်မှာ တစ်စထက် တစ်စ ကောင်းမွန်လာခဲ့ပြီး အသင်းအတွက် ၆နှစ်တာ ကာလ အတွင်းမှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၂၉၂ပွဲကို ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး ၁၁၈ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ကာ ချန်ပီယံလိဂ်ဖလား အပါအဝင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူး ရရှိခဲ့ပါတယ်။

Photo Credit:  Standard

၂၀၀၉ခုနှစ် ဇူလိုင်လ ၁ရက်နေ့မှာတော့ ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ငယ်စဉ် ကတည်းက သူ့ရဲ့ အိမ်မက်အသင်း တစ်သင်း ဖြစ်တဲ့ စပိန် အင်အားကြီးအသင်း ရီးရဲလ်မက်ဒရစ် အသင်းထံကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြစ်တဲ့ ယူရို ၉၄သန်းနဲ့ ပြောင်းရွှေ့ကာ ကစားခဲ့ပါတယ်။ ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ၆နှစ်တာသာ ကစားခဲ့ပေမယ့် သူ့ရဲ့ အသင်းအပေါ် အကျိုးပြုနိုင်စွမ်း ၊ တစ်ကိုယ်တော် ခြေစွမ်းနဲ့ ပရီးမီးယားလိဂ် သမိုင်းမှာ အိုဝင်ကလွဲရင် ဘယ်ကစားသမားမှ မရဖူးတဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့တာကြောင့် အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အပြောင်းအရွှေ့ အဖြစ် အွန်နရီနဲ့ ကန်တိုနာတို့ကို ကျော်ဖြတ်ကာ သတ်မှတ်ခံခဲ့ ရတာလည်း ဖြစ်ပါတယ်။