ပြီးခဲ့တဲ့ စနေနေ့မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ တကျော့ပြန် ခရီးရှည်ကို ပြန်လည် စတင်ခဲ့တဲ့ ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကတော့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ပြန်လာဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ သူ့ဘဝရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီကြယ်ပွင့် ရိုနယ်ဒိုဟာ ကမ္ဘာ့အနှံ့အပြားမှာ သူ့ရဲ့ ကျော်ကြားမှုကို စတင် တည်ဆောက်နိုင်ခဲ့တာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဖြစ်ပြီး သူဟာ မန်ချက်စတာ ယူနိုက်တက်မှာ ကစားရင်း သူ့ရဲ့ ကစားသမားဘဝ ပထမဦးဆုံး ရွှေဘောလုံးဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Express

ပြီးခဲ့တဲ့ စနေနေ့မှာတော့ ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်ပွဲစဉ်မှာ ပွဲထွက် တိုက်စစ်မှူး အဖြစ် ပါဝင် ကစားကာ သူ့ရဲ့ တကျော့ပြန်ခရီးကို စတင်ခဲ့ပြီး အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ လေးဂိုး တဂိုး ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့သလို ရိုနယ်ဒိုကလည်း သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ကာ ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြန်လည် ပြောင်းရွှေ့လာဖို့ ဆုံးဖြတ်ခဲ့တာဟာ သူ့ဘဝရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ဆုဖလားတွေ ပြန်လည် ရရှိအောင် ကူညီပေးမယ်လို့ ဆိုခဲ့ပါတယ်။

Photo Credit: Express

ရိုနယ်ဒိုက – “ဒီအသင်းဆီ ပြန်လာဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ကျွန်တော့်ရဲ့ ဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပါပဲ။ မှန်ကန်တဲ့ အချိန်လည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က သမိုင်းသစ်တွေ ရေးထိုးဖို့ အဆင်သင့်ပဲ။ ပြီးတော့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင်နဲ့ ဆုဖလားတွေ ရရှိအောင် ကူညီပေးသွားမှာပါ” လို့ ဆိုခဲ့ပါတယ်။