အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းထံ တကျော့ပြန် ပြန်လည် ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီ ကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုကတော့ သူ့ရဲ့ တကျော့ပြန် အိမ်ပြန်ခရီးစဉ်မှာ နံပါတ်၇ကို လွှဲပြောင်းပေးခဲ့တဲ့ အသင်းဖော်သစ် ကာဗာနီကို ကျေးဇူးတင်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်သလို လက်ရှိအချိန်အထိ အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: SPORT

ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ စတင်ပြီး နာမည်ကျော်ခဲ့တဲ့ ကစားသမား တဦး ဖြစ်သလို CR7 ဆိုတဲ့ ကမ္ဘာကျော် အမှတ်တံဆိပ် တခု ဖြစ်လာတာကလည်း ယူနိုက်တက်အသင်းမှာ ကစားစဉ်က နံပါတ်၇ကို ဝတ်ဆင် ကစားခွင့် ရခဲ့လို့ပါ။

အဲ့ဒီနောက် ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာခဲ့သည့်တိုင် ရီးရဲလ်မက်ဒရစ် ၊ ဂျူဗင်တပ်အသင်းတို့မှာလည်း ကျောနံပါတ်၇ကို စွဲစွဲမြဲမြဲ ဝတ်ဆင်ခဲ့ပါတယ်။ ဒါကြောင့် ရိုနယ်ဒို တယောက် မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြန်လည် ရောက်ရှိလာတဲ့ အချိန်မှာလည်း ကျောနံပါတ်၇ကိုသာ ဝတ်ဆင် ကစားချင်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ကျောနံပါတ်၇ဟာ ပိုင်ရှင် ရှိနေပြီ ဖြစ်ကာ ဝါရင့် ဥရုဂွေး တိုက်စစ်မှူးကြီး ကာဗာနီက ကျောနံပါတ်၇ကို ဝတ်ဆင် ကစားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: SPORT

ဒါကြောင့် ရိုနယ်ဒိုဟာ ကျောနံပါတ်၇အစား သူ ငယ်စဉ်က ဝတ်ဆင်ဖူးတဲ့ ကျောနံပါတ်၂၈ကိုသာ ဝတ်ဆင် ကစားတော့မယ်လို့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ ကာဗာနီဟာ ရိုနယ်ဒိုကို ကျောနံပါတ်၇ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး သူကိုယ်တိုင် ကတော့ နိုင်ငံအသင်းမှာ ဝတ်ဆင်နေတဲ့ ကျောနံပါတ် ၂၁ကို ပြောင်းလဲ ရယူခဲ့ပါတယ်။

လက်ရှိမှာတော့ ရိုနယ်ဒိုက သူ့ကို သဘောထားကြီးကြီးနဲ့ ကျောနံပါတ်၇ လွှဲပေးခဲ့တဲ့ ကာဗာနီကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သူဟာ ကာဗာနီဆီ ကနေ ကျောနံပါတ်၇ကို ရရှိလိမ့်မယ်လို့ မမျှော်လင့်ထားကြောင်း ဝန်ခံသွားခဲ့ပါတယ်။ ရိုနယ်ဒိုက – “ကျွန်တော် ယူနိုက်တက်အသင်းဆီ ပြန်ရောက်လာတဲ့ အချိန်မှာ ကျောနံပါတ်၇ကို ပြန်ပြီး ဝတ်ဆင် ကစားခွင့် ရမလား ၊ မရဘူးလား ဆိုတာကို သေချာ မသိခဲ့ပါဘူး။ ဒါကြောင့် သဘောထားကြီးကြီးနဲ့ ကျောနံပါတ်၇ကို ပေးအပ်ခဲ့တဲ့ ကာဗာနီကို ကျေးဇူးအများကြီးတင်ကြောင်း ပြောလိုပါတယ်” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။