ဂျူဗင်တပ်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ စီရိုနယ်ဒိုကတော့ ယမန်နေ့မှာ ရုတ်တရတ် ဦးနှောက် သွေးကြောပိတ်ဆို့သွားတာကြောင့် ဆေးရုံတင်ခဲ့ရတဲ့ သူ့ရဲ့ မိခင်ဟာ ပြန်လည် သက်သာလာပြီလို့ စိတ်ပူနေကြသူတွေကို အသိပေးပြောဆိုသွားခဲ့ပါတယ်။ ရိုနယ်ဒိုရဲ့ မိခင် ဒယ်မီရိုဟာ ” Ichemnic Stroke ” လို့ ခေါ်တဲ့ ရုတ်တရတ် ဦးနှောက်သွေးကြောပိတ်မှုကို ခံစားခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ဆရာဝန်တွေက ရောဂါကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကာ ပြန်လည်သက်သာလာပြီလို့ ရိုနယ်ဒိုက သတင်းပေးသွားခဲ့တာပါ။

Photo Credit: Marca.com

အသက်၆၅နှစ် ရှိနေပြီဖြစ်တဲ့ ဒယ်မီရိုဟာ မကြာသေးမီကမှ ရင်သားကင်ဆာဝေဒနာကို တွန်းလှန်ကာ ပြန်လည် ကျန်းမာလာသူဖြစ်ပြီး ယခုလို ပြင်းထန်တဲ့ဝေဒနာတစ်ခုကို ထပ်မံ ခံစားနေရတာကြောင့် ရိုနယ်ဒိုက သူ့ရဲ့မိခင် အတွက် စိုးရိမ်နေပါသေးတယ်။ အမေချစ်တဲ့ သားတစ်ယောက်ဖြစ်တာကြောင့် ရိုနယ်ဒိုဟာ ဒယ်မီရိုရဲ့ အနားမှာ ဆက်နေဦးမှာဖြစ်ကာ ကလပ်အသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းဆီကိုတော့ မနက်ဖြန်မှသာ ပြန်သွားဖို့ စီစဉ်လျက် ရှိတယ်လို့ ပေါ်တူဂီသတင်းစာတွေက ဖော်ပြခဲ့ကြပြီး ဂျူဗင်တပ်အသင်းနဲ့ အေစီမီလန်အသင်းတို့ရဲ့ ကိုပါအီတာလီယာဖလားပွဲကိုလည်း ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းထားခဲ့တာကြောင့် ရိုနယ်ဒိုအနေနဲ့ စနေနေ့မတိုင်မီသာ အီတလီကို ပြန်ရောက်ဖို့ လိုအပ်ပါတယ်။

Photo Credit: Marca.com

သူ့မိခင်ရဲ့ ကျန်းမာရေး အမြန်ဆုံးပြန်လည် သက်သာလာစေရန် ဆုတောင်းပေးတဲ့သူတွေ ကို ရိုနယ်ဒိုက ” ခင်ဗျားတို့တွေရဲ့ ကျွန်တော့် အမေအတွက် ပေးပို့တဲ့ စာတွေအားလုံးအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ သူမရဲ့ အခြေအနေက ပြန်ပြီးတည်ငြိမ်သွားပါပြီ​။ ကျွန်တော် နဲ့ ကျွန်တော့်ရဲ့မိသားစုဝင်တွေက ဆေးအဖွဲ့တွေကို အရမ်းပဲကျေးဇူးတင်ပါတယ်။ သတင်းမေးမှုတွေအတွက် ကျေးဇူးတင်ပါတယ် ” လို့ ပြောဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။