ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ အများအပြား ရှိခဲ့ပြီး သူဟာ မန်ချက်စတာ ယူနိုက်တက်မှာ အဆင်ပြေနေတာကြောင့်သာ အသင်းမှာ ဆက်နေခဲ့တာဖြစ်ကာ သူ့ကို မခေါ်ချင်ဘူးလို့ ပြောကြတဲ့ ကလပ်ဥက္ကဌတွေဟာ လူလိမ်တွေပါလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးခဲ့သူ ဖြစ်ပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်စ်ကလည်း ရိုနယ်ဒို အတွက် အသင်းသစ် ရှာဖွေပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။

Photo Credit: Goal

ဂျော့စ် မန်ဒက်စ်က ရိုနယ်ဒိုကို အက်သလက်တီကို မက်ဒရစ် ၊ နာပိုလီ ၊ ဘိုင်ယန်မြူးနစ် ၊ အေစီမီလန် ၊ ချယ်လ်ဆီး စတဲ့ အသင်းတွေဆီ ပို့ဆောင်ပေးဖို့ ကြိုးစားခဲ့ပေမယ့် တချို့အသင်းတွေက ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ရိုနယ်ဒိုကို ခေါ်ယူမယ့် ကိစ္စအား လက်လျှော့ခဲ့ရသလို တချို့ကလည်း သူတို့အသင်းရဲ့ အားကစား စီမံကိန်းဟာ ရိုနယ်ဒိုနဲ့ မကိုက်ညီဘူးလို့ ယူဆတာကြောင့် ရိုနယ်ဒိုကို ခေါ်ယူနိုင်မယ့် အခွင့်အရေးအား ငြင်းဆန် ပယ်ချခဲ့ကြပါတယ်။

ဒါ့အပြင် အက်သလက်တီကို မက်ဒရစ် ၊ နာပိုလီနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ အကြီးအကဲတွေက သူတို့အသင်းတွေဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ သတင်းတွေကို လူသိရှင်ကြား ငြင်းဆိုခဲ့ကြပါသေးတယ်။ ရိုနယ်ဒိုကတော့ အဆိုပါ ပြောဆိုမှုတွေနဲ့ ပတ်သတ်ပြီး အတော်လေး ဒေါသထွက်နေကာ ပြီးခဲ့တဲ့ နွေဈေးကွက်မှာ သူ့ကို လိုချင်ခဲ့တဲ့ အသင်းတွေ အတော်များများ ရှိခဲ့ကာ သူက မန်ချက်စတာ ယူနိုက်တက်မှာသာ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းနဲ့ သူ့ကို မလိုချင်ဘူးလို့ ပြောခဲ့ကြတဲ့ ကလပ်ဥက္ကဌတွေဟာ လိမ်နေကြတာ ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Goal

ရိုနယ်ဒိုက – “ကျွန်တော့်ကို ခေါ်ချင်ခဲ့တဲ့ အသင်းတချို့ ရှိခဲ့ပါတယ်။ သူတို့ရဲ့ ကမ်းလှမ်းမှုတွေကလည်း ကျွန်တော့်ဆီ ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်မှာ နေရတာ သက်တောင့်သက်သာ ဖြစ်လို့ အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။ အဲ့ဒီအသင်းတွေက ကျွန်တော့်ဆီကို ကမ်းလှမ်းချက်တွေ ပို့ပေးခဲ့ကြတာပါ။ ဒါပေမယ့် အဲ့ဒီအသင်းတွေရဲ့ ဥက္ကဌတွေနဲ့ အားကစားဒါရိုက်တာတွေက သူတို့ဟာ ကျွန်တော့်ကို ငြင်းခဲ့တယ် ဆိုပြီး ပြောနေကြပါတယ်။ သူတို့ပြောတာတွေ အားလုံးက အလိမ်အညာတွေချည်းပါပဲ။ သူတို့က ခင်ဗျားတို့ကို လိမ်နေတာပါ” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။