နှောင်းပိုင်းကာလတွေမှာ မန်ယူအသင်းရဲ့ အအောင်မြင်ဆုံးအချိန်လို့ ဆိုရမယ့် ၂၀၀၈ ဝန်းကျင်မှာ ဥရောပရပ်ဝန်းက ထိပ်တန်းအသင်းတွေကို ဖိန့်ဖိန့်တုန်စေခဲ့တဲ့ နှစ်ဦးတွ​ဲတိုက်စစ် တစ်တွဲ ရှိခဲ့ပါတယ်။ အဆိုပါတိုက်စစ်အတွဲက အင်္ဂလန်သား ဝိန်းရွန်းနီနဲ့ ပေါ်တူဂီသား ရိုနယ်ဒိုတို့ရဲ့ တိုက်စစ်အတွဲပဲ ဖြစ်ပါတယ်။ ရွန်းနီနဲ့ စီရိုနယ်ဒိုတို့ရဲ့ အတွဲဟာ အဆိုပါအချိန်တုန်းက အတွဲအညီဆုံး တိုက်စစ်အတွဲအဖက်ဖြစ်ပြီး အသင်းအတွက် ချန်ပီယံလိဂ်ဖလားအောင်မြင်မှုအပြင် ဆုဖလားပေါင်းများစွာကို ရယူပေးနိုင်ခဲ့သလို စံချိန်ကောင်းများစွာကိုလည်း သိမ်းပိုက်ရရှိအောင် ကြိုးစားပေးနိုင်ခဲ့တ​ဲ့ တိုက်စစ်အတွဲပါ။

Photo Credit: SportBible.com

အဲ့ဒီနောက်မှာတော့ စီရိုနယ်ဒိုဟာ သူ့ရဲ့ အိမ်မက်အသင်း တစ်သင်းဖြစ်တဲ့ စပိန်လာလီဂါ ထိပ်သီးအသင်း ရီးရဲလ်မက်ဒရစ်ဆီကို ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး ဝိန်းရွန်းနီကတော့ မန်ယူအသင်းမှာသာ ဆက်လက် ကျန်ရှိကာ အသင်းကို ဆုဖလားတွေ ရရှိအောင် ထပ်မံကူညီပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဆိုပါကစားသမားနှစ်ဦးဟာ တစ်ယောက် တစ်နေရာစီကို ရောက်ရှိနေသလို တစ်ဦးနဲ့တစ်ဦး ပြန်လည်ဆုံစည်းနိုင်ဖို့ဆိုတာဟာလဲ မဖြစ်နိုင်တော့တဲ့ အနေအထားပါ။ ဒါပေမယ့် စီရိုနယ်ဒိုကတော့ သူ့ရဲ့ ကစားဖော်ဟောင်း ဝိန်းရွန်းနီကို လက်ရှိအချိန်အထိ မေ့သေးပုံ မပေါ်ပဲ ဝိန်းရွန်းနီဟာ သူ့ရဲ့ အကောင်းဆုံး အသင်းဖော်တစ်ဦးပါလို့ အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။

 

Photo Credit: Sportbible.com

ဝိန်းရွန်းနီရဲ့ အသင်းအပေါ် ပေးဆပ်မှုတွေနဲ့ ပတ်သတ်ပြီး စီရိုနယ်ဒိုက ” ကျွန်တော့်ကတော့ ရွန်းနီရဲ့ စွမ်းရည်တေ​ွက သူ့ရဲ့စိတ်ဓာတ်ပိုင်းနဲ့ ကြံ့ခိုင်မှုဖြစ်တယ်လို့ ထင်ပါတယ်။ သူက ဘယ်တော့မှ မရပ်တန့်ဘူး။ အမြဲတမ်း ပြေးလွှားပြီး အသင်းကို ကူညီတယ်။ သူက တကယ့်ကို ထူးရှယ်ကစားသမားမျိုးပါ။ သူက အသင်းအတွက် ကစားတဲ့ ကစားသမားပါ။ သူက အရေးပါတဲ့သွင်းဂိုးတွေကို သွင်းနိုင်တယ်။ ကျွန်တော့်အတွက် သူက ကြီးကျယ်တဲ့ ကစားသမားတစ်ဦးပါ။ သူဟာ အင်္ဂလန်က ကလေးတစ်ယောက်ပါ။ သူ့ကို အင်္ဂလန်မှာရှိတဲ့ လူတိုင်းက ချစ်ပါတယ်။ ကျွန်တော်နဲ့ အသင်းဖော်တွေက သူ့ကို Pitbullလို့ခေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူက သူ့ဆီကဘောလုံးဆုံးရှုံးသွားရင် အသဲအသန် လိုက်လုလေ့ရှိလို့ပါ ” လို့ ပြောပြသွားခဲ့တာပါ။