ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုကတော့ ယနေ့မနက် အစောပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဖီဖာရဲ့ The Best Award ဆုပေးပွဲမှာ အထူးဆုကို တက်ယူရင်း သူဟာ မကြာခင်မှာ ဘောလုံးသမားဘဝ ကနေ အနားယူဖို့ ရှိကြောင်း ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သလို ပြီးခဲ့တဲ့နှစ် အတွင်းမှာလည်း ဘောလုံးသမိုင်းမှာ နိုင်ငံတကာ သွင်းဂိုး အများဆုံး ကစားသမား ဆိုတဲ့ စံချိန်ကို ရရှိခဲ့ပါတယ်။

Photo Credit: Mirror

ဘောလုံးသမိုင်း တလျှောက် နိုင်ငံတကာ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တာကြောင့် ရိုနယ်ဒိုဟာ ဖီဖာကနေ ပေးအပ် ချီးမြှင့်တဲ့ ရွှေဘောလုံးဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ရိုနယ်ဒိုဟာ ကစားသမားဘဝ နောက်ဆုံးအချိန် အကန့်အသတ်ကို ရောက်ရှိနေပေမယ့် လက်ရှိအချိန် အထိ အကောင်းဆုံး ခြေစွမ်းတွေကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၄ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Mirror

ရိုနယ်ဒိုကတော့ သူဟာ အကောင်းဆုံး ခြေစွမ်းတွေကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပေမယ့် မကြာခင်မှာ သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်ရဖို့ ရှိနေကြောင်း ဖီဖာရဲ့ အထူးဆုကို လက်ခံရယူရင်း ပြောကြားခဲ့ပါတယ်။

ရိုနယ်ဒိုက – “ကျွန်တော့်မှာ ပွဲကစားဖို့ အတွက် ပြင်းပျတဲ့ စိတ်အားထက်သန်မှုတွေ ရှိနေဆဲပါ။ ဂိုးသွင်းဖို့ချည်းပဲ မဟုတ်ပါဘူး။ ကျွန်တော် မြက်ခင်းစိမ်းတွေပေါ် ခြေချလိုက်တိုင်း ၊ လေ့ကျင့်ရေးကွင်းပေါ် ရောက်တိုင်း အလိုလို စိတ်ဓာတ် တက်ကြွလာပါတယ်။ ကျွန်တော်က မကြာခင်မှာ ၃၇နှစ် ပြည့်တော့မှာ ဖြစ်ပေမယ့် အခုချိန်အထိ ကောင်းမွန်တဲ့ စိတ်အားတက်ကြွမှုတွေ ရှိနေဆဲပါ။ ကျွန်တော်က ၁၈နှစ်အရွယ် ကနေ စပြီး အလုပ်ကြိုးစားခဲ့သလို ဆက်ပြီးလည်း ကြိုးစားသွားဦးမှာပါ။ ကျွန်တော် ဘောလုံးပွဲတွေကို ချစ်တယ်။ ဒါကြောင့် ကစားနိုင်သလောက် ဆက်ကစားသွားမယ်။ လူတွေက မကြာခဏ ဆိုသလို ကျွန်တော့်ကို ဘယ်အချိန် အနားယူမလဲ လို့ မေးလာကြပါပြီ။ အင်း။ ကျွန်တော်ကတော့ နောက်ထပ် ၄နှစ် ၊ ၅နှစ်လောက် ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။