ဆော်ဒီ စူပါလိဂ် ထိပ်သီးကလပ် အယ် နက်ဆာရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုက သူ့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သူ မန်ချက်စတာ ယူနိုက်တက် ​ဗဟိုနောက်ခံလူ ဘိုင်လီကို အယ် နက်ဆာဆီ ပြောင်းလာဖို့ စည်းရုံးမှုတွေ ပြုလုပ်နေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၉နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် ဗဟိုနောက်ခံလူ အဲရစ် ဘိုင်လီက ၂၀၁၆ခုနှစ်မှာ ဗီလာရီးရဲလ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ၃၈သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့ တက်ကြွတဲ့ ဟန်ပန် အမူအယာနဲ့ ကောင်းမွန်တဲ့ ဖျက်ထုတ်မှုတွေကြောင့် အချိန်တိုအတွင်းမှာ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်ခဲ့သူပါ။

Photo Credit: France Football

အဲရစ် ဘိုင်လီက သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံးရာသီမှာ အသင်းရဲ့ မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ရာသီသိမ်းခါနီးမှာ ဒူးဒဏ်ရာ ရရှိသွားတာကြောင့် ကာလရှည် အနားယူခဲ့ရပါတယ်။

ဒူးဒဏ်ရာကနေ ပြန်လည် သက်သာလာပြီးနောက် ဘိုင်လီဟာ ယခင်ကလို ခြေစွမ်းကောင်းတွေ မရတော့သလို မကြာခဏ ဒဏ်ရာတွေ ရနေတတ်တာကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်က သူ့ကို မာဆေးလ်ဆီ အငှားချကာ ကစားစေခဲ့ပါတယ်။

Photo Credit: Team Talk

ဘိုင်လီက မာဆေးလ်ဆီ ရောက်ရှိပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် အယ် နက်ဆာ အပါအဝင် နာမည်ကြီးအသင်း တချို့က ဘိုင်လီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အယ် နက်ဆာက ဘိုင်လီကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒါဟာမက်စ် ရှက်ရှ်ရဲ့ ဖော်ပြချက်အရ အယ် နက်ဆာက ဘိုင်လီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေပြီး ဘိုင်လီကလည်း ဆော်ဒီနိုင်ငံဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေသလို အယ် နက်ဆာရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ဘိုင်လီဆီ သူကိုယ်တိုင် ဆက်သွယ်ကာ ဆော်ဒီလိဂ်ရဲ့အကြောင်းနဲ့ နေထိုင်ပုံအကြောင်းတွေကို ရှင်းပြပြီး စည်းရုံးမှုတွေ လုပ်နေကြောင်း သိရပါတယ်။