နာမည်ကျော် ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူး ရော်နယ်ဒိုကတော့ လက်ရှိမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFAရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂နှစ် ၁ကြိမ် ကျင်းပမယ့် အစီအစဉ်ဟာ ဖြစ်သင့်တဲ့ အစီအစဉ်တခု ဖြစ်ကြောင်း ထောက်ခံလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ဘရာဇီးလ် လက်ရွေးစင်အသင်းနဲ့ အတူ ကမ္ဘာ့ဖလားကို ဗိုလ်စွဲနိုင်ခဲ့တဲ့ ကစားသမား တဦး ဖြစ်သလို ဘောလုံးလောကရဲ့ သမိုင်းတလျှောက် အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံထားရသူပါ။

Photo Credit: 90 Min

လက်ရှိမှာတော့ ဖီဖာရဲ့ ကမ္ဘာလုံးဆိုင်ရာ အားကစားဒါရိုက်တာ ဖြစ်သူ အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာဆင်ဝင်းဂါးက ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂နှစ် ၁ကြိမ် ကျင်းပမယ့် အစီအစဉ်သစ်ကို ချပြဖို့ စီစဉ်နေပြီး အဆိုပါ အစီအစဉ်အသစ်ကို ထောက်ခံတဲ့ လူတွေ ရှိသလို ဥရောပ ဘောလုံးအဖွဲ့ချုပ်လို နာမည်ကျော် အဖွဲ့အစည်းတွေရဲ့ ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။

ယခု ဘောလုံးပြက္ခဒိန်အရ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄နှစ် ၁ကြိမ် ကျင်းပနေပြီး ကြားထဲမှာ လစ်လပ်နေတဲ့ ၃နှစ် အတွင်း သက်ဆိုင်ရာ တိုက်ကြီးများအလိုက် ဘောလုံးပြိုင်ပွဲတွေ ကျင်းပကြပါတယ်။ ဒါကြောင့် ပရိသတ်တွေဟာ ၂နှစ်ကို ၁ကြိမ် ကမ္ဘာ့ဖလား ၁လှည့် ၊ တိုက်အလိုက် ပြိုင်ပွဲ ၁လှည့် ကြည့်ရှုနေကြရပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ကတော့ တိုက်အလိုက် ဆုဖလားတွေကို ပယ်ဖျက်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပဲ ၂နှစ် ၁ကြိမ် ကျင်းပဖို့ စီစဉ်နေပါတယ်။

Photo Credit: 90 Min

ရော်နယ်ဒိုကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂နှစ် ၁ကြိမ် ကျင်းပခြင်းအားဖြင့် ကစားသမားတွေ အတွက် ကမ္ဘာ့ဖလားကို ဗိုလ်စွဲနိုင်ဖို့ အခွင့်အရေး ပိုများလာသလို ကမ္ဘာ့ဖလားပြိုင်ပွဲကို တခါမှ မဝင်ရောက်ဖူးသေးတဲ့ နိုင်ငံအသင်းတွေ အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ အခွင့်အရေး များပြားလာနိုင်ကြောင်း ပြောကာ အဆိုပါ အစီအစဉ်အသစ်ကို ထောက်ခံခဲ့ပါတယ်။

ရော်နယ်ဒိုက – “အဲ့ဒါက ကမ္ဘာ့ဖလားပြိုင်ပွဲကို တခါမှ မယှဉ်ပြိုင်ဖူးသေးတဲ့ နိုင်ငံတွေ အတွက် ခြေစစ်ပွဲ အောင်နိုင်ဖို့ ပိုပြီး အခွင့်အရေး ရစေပါတယ်။ ၂နှစ် ၁ကြိမ် ပြိုင်ဆိုင်ခွင့်သာ ရရင် အတော်ကို ကောင်းမှာပါ။ ပြီးတော့ ခင်ဗျားက မက်ဆီနဲ့ ရိုနယ်ဒိုတို့ကို ဒီအစီအစဉ်နဲ့ ပတ်သတ်ပြီး မေးလိုက်ရင် သူတို့ကလည်း ကမ္ဘာ့ဖလားကို ရရှိဖို့ အခွင့်အလမ်း ပိုများလာတာကို ကြိုဆိုကြောင်း ပြောကြမှာပါ” လို့ ထောက်ခံစကား ပြောကြားခဲ့တာပါ။