ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် အသင်းမှာပဲ ဆက်လက် နေထိုင်ခဲ့ရပေမယ့် လာမယ့် ဆောင်းဈေးကွက်မှာ အသင်းကနေ ထွက်ခွာဖို့ ပြန်ကြိုးစားဦးမယ်လို့ နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ချင်တာကြောင့် ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာကာ ချန်ပီယံလိဂ်ဝင်ခွင့်ရ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ ကြိုးပမ်းခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ဘက်က သူ့ကို ရောင်းချဖို့ ငြင်းဆန်ခဲ့တာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ ခက်ခဲခဲ့ပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ရိုနယ်ဒိုကို အသင်းမှာ ဆက်လက် ထိန်းသိမ်းခဲ့ပေမယ့် နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ ကစားကွက်မှာ ရိုနယ်ဒိုအနေနဲ့ အံဝင်အောင် ကစားနိုင်ဖို့ ရုန်းကန်နေရသလို တန်ဟက်ဂ်ကလည်း ရိုနယ်ဒိုအစား မာရှယ်နဲ့ ရက်ဖို့ဒ်တို့ နှစ်ဦးကိုသာ အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေ အဖြစ် သုံးစွဲဖို့ စီစဉ်ထားတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေဟာ လာမယ့် ဆောင်းဈေးကွက်မှာ ရိုနယ်ဒို အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် ရိုနယ်ဒိုကို ရောင်းချဖို့ စဉ်းစားလာကြပါတယ်။

နာမည်ကြီး သတင်းဌာနတွေ ဖြစ်တဲ့ 90 Minနဲ့ Mirror သတင်းဌာနတို့ရဲ့ ဖော်ပြချက်တွေအရ ရိုနယ်ဒိုက ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်ဖို့ လက်မလျှော့သေးပဲ လာမယ့် ဆောင်းဈေးကွက်မှာ သူ့အတွက် ကမ်းလှမ်းမှု တချို့ ရောက်လာမယ်လို့ မျှော်လင့်ထားပြီး လတ်တလောမှာတော့ ချယ်လ်ဆီးက ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ဖြစ်နေကြောင်း သိရပါတယ်။

Photo Credit: Standard

ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ UEFAက ကြီးမှူးကျင်းပတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေပေမယ့် ပြောင်းလဲထားတဲ့ စည်းမျဉ်းအသစ်ကြောင့် လာမယ့် ဆောင်းဈေးကွက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတသင်းဆီ ပြောင်းရွှေ့ခဲ့ရင်လည်း Cup Tie မမိပဲ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့ ရှိနေပါတယ်။

ရိုနယ်ဒိုက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုးတွေ သွင်းယူနိုင်ခြင်း မရှိသေးသလို ဂိုးဖန်တီးမှုတွေလည်း မလုပ်နိုင်သေးပါဘူး။