အီတလီ စီးရီးအေ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းနဲ့ ပေါ်တူဂီ လက်ရွေးစင်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ ရာခိုင်နှုန်း အတော် များနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေနဲ့ ပေါ်တူဂီအခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၃၅နှစ် အရွယ် ဝါရင့် ပေါ်တူဂီ တိုက်စစ်မှူး ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ် ကျန်ရှိနေသေးသလို ယခုနှစ် ဘောလုံးရာသီမှာ စီးရီးအေရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ရယူထားနိုင်သူ ဖြစ်ပေမယ့် ဂျူဗင်တပ်အသင်းရဲ့ နည်းပြသစ် အယ်လီဂရီနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အသင်းကနေ ထွက်ခွာဖို့ တာစူနေသူပါ။

Photo Credit: Marca

ရိုနယ်ဒိုဟာ ကစားသမားဘဝ နောက်ဆုံးကာလ အပိုင်းအခြားကို ရောက်ရှိနေသူ ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲအထိ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး ၃၆ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ ရိုနယ်ဒိုဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အီတလီ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး တိုက်စစ်ကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ ယခုအချိန်မှာ ဂျူဗင်တပ်အသင်းဟာ ရိုနယ်ဒိုကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေးတရပ်နဲ့ ရောင်းချဖို့ စီစဉ်နေသလို ရိုနယ်ဒိုကလည်း ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာနိုင်အောင် သူ့ရဲ့ အေးဂျင့်တွေကို အသင်းသစ် ရှာဖွေခိုင်းထားကြောင်း သိရပါတယ်။

Photo Credit: Marca

လက်ရှိမှာ ရိုနယ်ဒိုကို ခေါ်ယူဖို့ အမေရိကန် စူပါလိဂ်အသင်းတွေ ၊ တရုတ်စူပါလိဂ်အသင်းတွေ အပါအဝင် အသင်းကြီး အတော်များများက စောင့်ကြည့်နေကြပေမယ့် ရိုနယ်ဒိုကတော့ သူ့ရဲ့ ကစားသမားဘဝ အဆုံးမသတ်ခင် ချန်ပီယံလိဂ် ဆုဖလားကို အရယူနိုင်မယ့် အသင်းတသင်းထံသာ ပြောင်းရွှေ့ချင်နေကြောင်း ပေါ်တူဂီအခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။ လတ်တလောမှာ ရိုနယ်ဒိုကို ခေါ်ယူဖို့ အတွက် ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ရိုနယ်ဒိုရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်တို့က စိတ်ဝင်စားနေကြပြီး ဂျူဗင်တပ်အသင်း ကတော့ ရိုနယ်ဒိုကို ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့ ၄၀သန်းကြား ပမာဏတခု ရပါက ရောင်းချဖို့ အသင့် ရှိနေပါတယ်။ ကဲ ရိုနယ်ဒိုရဲ့ နောက်ထပ် အသင်းသစ်က ဘယ်အသင်း ဖြစ်မလဲဆိုတာ ကျွန်တော်တို့တွေ စောင့်ကြည့်လိုက်ရအောင်ဗျာ…။