ဆယ်စုနှစ်တစ်ခုလောက်အထိ ဘောလုံးနယ်ပယ်နဲ့ပတ်သတ်သမျှ ဆုတံဆိပ်တွေ စံချိန်မှတ်တမ်းကောင်းတွေကို အပြိုင်အဆိုင် ရယူနိုင်ခဲ့ကြတဲ့ လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနိုုရော်နယ်ဒိုတို့နှစ်ယောက်ဟာ အသက်အရွှယ်အရ အကျဘက်ကို တဖြည်းဖြည်း ရောက်ရှိနေပြီဖြစ်ပေမယ့်လည်း ဆုတံဆိပ်တွေ အောင်မြင်မှုတွေ စံချိန်ကောင်းတွေကိုတော့ ဆက်လက်ရယူနေဆဲဖြစ်တာကြောင့် သူတို့နှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှုက ပုံစံတစ်မျိုးနဲ့တော့ တည်တံ့နေဦးမှာဖြစ်သလို ကစားသမားဘဝ အဆုံးသတ်ချိန်ထိ ဘယ်သူက ဘယ်အရာတွေမှာ အသာရနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းလို့နေပါတယ်။

Photo Credit : Goal

ဒါပေမယ့် တကယ့်ကို အားကစားစိတ်ဓါတ်အပြည့်ရှိတဲ့ ပြိုင်ဘက်ကောင်းတွေဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်ဖို့ကိုရော တစ်ယောက်ကိုတစ်ယောက် ချီးကျူးပြောဆိုဖို့ပါ ဝန်မလေးကြသူတွေလည်းဖြစ်ပါတယ်။ အခုလည်း ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီက သူရဲ့မဟာပြိုင်ဘက် ရော်နယ်ဒိုဟာ ဘောလုံးနယ်ပယ်မှာ ထင်ရှားသူဖြစ်သလို အားကစားနယ်ပယ်မှာဆိုရင်လည်း ရော်ဂျာဖက်ဒါရာ ရာဖေးလ်နာဒယ် လီဘရွန်ဂျိမ်းစ်တို့လို လွှမ်းမိုးမှုရှိတဲ့ အားကစားသမားတစ်ယောက်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။

Photo Credit : ESPN

ရော်နယ်ဒိုနဲ့ပတ်သက်ပြီး မက်ဆီက “အားကစားနယ်ပယ်အတွင်းမှာ လေးစားအတုယူစရာကောင်းတဲ့ တကယ့်အားကစားသမားကောင်းတွေ အများကြီးကိုရှိပါတယ်။ ရာဖေးလ်နာဒယ်တို့ ဖက်ဒါရာတို့ လီဘရွှန်တို့လိုပေါ့။ အားကစားကဏ္ဍာတိုင်းလိုလိုမှာ သူရဲ့အလုပ်ကြိုးစားမှုတွေ ရယူနိုင်တဲ့ အောင်မြင်မှုတွေကြောင့် ထင်ရှားကျော်ကြာပြီး လေးစားအတုယူဖို့ကောင်းတဲ့ အားကစားသမားတွေ ပေါ်ထွက်လေ့ရှိပါတယ်။ ခရစ္စတီယာနိုကတော့ ဘောလုံးနယ်ပယ်မှာ ထင်ရှားသူပါ” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မက်ဆီနဲ့ရော်နယ်ဒိုတို့နှစ်ယောက်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ပြိုင်ဘက်တွေအဖြစ် တစ်ကြိမ်ပြန်လည်ဆုံတွေ့ခဲ့ကြပြီး အခုထိလည်း သူတို့နှစ်ယောက်လုံးဟာ သက်ဆိုင်ရာအသင်းတွေအတွက် ပင်မသွေးကြောတစ်ခုလို အရေးပါတဲ့ ကစားသမားတွေ ဖြစ်နေကြဆဲပါပဲ။ အသက်အရွှယ်တွေ ကြီးရင့်လာခဲ့ကြပေမယ့်လည်း အားကစားစိတ်ဓါတ်အပြည့်ရှိတဲ့ သူတို့နှစ်ယောက်ရဲ့ တည်ငြိမ်ရင့်ကျက်လာတဲ့ ပြိုင်ဆိုင်မှုတွေ ဘောလုံးအားကစားကို ချစ်မြတ်နိုးသူတွေအတွက်တော့ စိတ်လှုပ်ရှားမှုရသတွေကို တစ်နည်းတစ်ဖုံ ပေးစွမ်းနိုင်ဦးမှာတော့ သေချာနေပါတယ်။