ဒီနှစ်ဘောလုံးရာသီမှာ ဂျုဗင်တပ်စ်အသင်းအတွက် စီးရီးအေသွင်းဂိုးတွေများစွာကို စံချိန်တင်အောင် သွင်းယူထားခဲ့ပြီး အသင်းအတွက် ဆုဖလားမျှော်လင့်ချက်တွေနဲ့ နီးစပ်နေအောင် စွမ်းဆောင်ပေးထားနိုင်တဲ့ တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုက အသင်းအနေနဲ့ ရလဒ်တွေ အနည်းငယ်တိမ်းစောင်းသွားတဲ့ အခါမျိုးမှာ သူအနေနဲ့ တခြားသော ဂျုဗင်တပ်စ်အသင်းဖော်တွေထက်ပိုပြီး ဖိအားဒဏ်တွေနဲ့ ပိုမိုရင်ဆိုင်တတ်လေ့ရှိကာ ဒါဟာလည်း သူက ခရစ္စတီယာနိုရော်နယ်ဒိုဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Images

ဝါရင့် ပေါ်တူဂီကစားသမားကြီး ရော်နယ်ဒိုဟာ သူရဲ့ဂျုဗင်တပ်စ်အသင်းအတွက် စီးရီးအေသွင်းဂိုးတွေကို ၁၁ပွဲဆက်တိုက်အထိ ရယူနိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲဲ့ကြားရက်က ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ လိုင်ယွန်အသင်းဘက်ကို သွင်းဂိုးမယူနိုင်ခဲ့သလို ဂျုဗင်တပ်စ်အသင်းကလည်း ၁ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ရပါတယ်။ ဒီရှံးပွဲမှာ နည်းပြအပါအဝင် အားလုံးရဲ့တာဝန်နဲ့မကင်းပေမယ့် ရော်နယ်ဒိုကတော့ သူအနေနဲ့ တခြားသူတွေထက်ပိုပြီး တာဝန်ရှိသလို ဖိအားပေးခံရတယ်လို့ ပြောဆိုလာခဲ့ပါတယ်။ ရော်နယ်ဒိုက “သေချာတာပေါ့ဗျာ။ ဒီရှံးပွဲက ကျွန်တော့်အပေါ်မှာရော အသင်းသားတွေအားလုံးအပေါ်မှာပါ တာဝန်ရှိပါတယ်”

Photo Credit : Getty Images

“တစ်ခါတစ်လေတော့လည်း ကျွန်တော့်အသင်းဖော်တွေထက် ဖိအားတွေဝင်နေရတယ်လို့ ခံစားမိရတယ်။ ဒါကလည်း ကျွန်တော်က ခရစ္စတီယာနိုရော်နယ်ဒိုု ဖြစ်နေတာကို။ အားလုံးက ကျွန်တော့်ဆီကနေ ပိုပြီးမျှော်လင့်ကြလို့လေ။ ဒါပေမယ့် ဒါတွေအားလုံးအတွက် ကျွန်တော်ပြင်ဆင်ပြီးသားပါ။ ကျွန်တော် အမြဲတမ်းအာရုံတစိုက် ရှိနေတယ်။ ကျွန်တော့်အသင်းဖော်တွေလိုပေါ့။ ကျွန်တော်တို့ဆီကနေ အကောင်းဆုံးတွေကို ပရိသတ်တွေ ရရှိလာအောင် ကြိုးစားသွားမှာပါ။ အခုလက်ရှိတော့ ကျွန်တော်ပျော်ရွှင်နေတယ်။ အကောင်းဆုံးအသင်းတစ်သင်းမှာ အကောင်းဆုံးအသင်းဖော်တွေနဲ့ တွဲဖက်ကစားနေရလို့ပါ။ မနှစ်ကဆို ကျွန်တော်တို့တွေ ဆုဖလားပေါင်းများစွာ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒီနှစ်လည်း အဲ့ဒီအတိုင်း ထပ်ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်က စံချိန်မှတ်တမ်းတွေကို ရိုက်ချိုးထားနိုင်တယ်ဆိုပေမယ့် ကျွန်တော့်အတွက် တကယ့်ဦးစားပေးတဲ့အရာကတော့ အသင်းနဲ့ အသင်းဖော်တွေကို ကူညီပေးဖို့ပါပဲ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။