အီတလီ စီးရီးအေရဲ့ အင်အားကြီး အသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူး စီရိုနယ်ဒိုရဲ့ အစ်မ ဖြစ်သူဟာ ဂျူဗင်တပ် အသင်းက လိုင်ယွန်အသင်းကို အဝေးဂိုး စည်းမျဉ်းနဲ့ အရေးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရအပြီး မှာတော့ ဂျူဗင်တပ် အသင်းရဲ့ ကစားသမားတွေကို ဝေဖန်မှုတွေ ပြုလုပ် သွားခဲ့ပါတယ်။ စီးရီးအေ ချန်ပီယံ အသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ ၁၆သင်းအဆင့်မှာတော့ ပြင်သစ် ကလပ် လိုင်ယွန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ပထမအကျော့မှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ယမန်နေ့မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဂိုးပြတ် အနိုင်ရဖို့ လိုအပ်ခဲ့ပေမယ့် ၂-၁ ဆိုတဲ့ ရလဒ်နဲ့သာ အနိုင်ရခဲ့တာကြောင့် အဝေးဂိုးစည်းမျဉ်းနဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

Photo Credit: Express

ဂျူဗင်တပ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ အဆိုပါပွဲစဉ်မှာ စီရိုနယ်ဒို တစ်ဦးတည်းသာ ပုံမှန်ခြေစွမ်းမှာ ရှိနေခဲ့ပြီး ကျန်တဲ့ ကစားသမားတွေဟာ ပုံမှန်ခြေစွမ်း ပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း လိုင်ယွန်အသင်းနဲ့ ပွဲအပြီးမှာ ဂျူဗင်တပ်အသင်းရဲ့ ကစားသမား အများစုဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး စီရိုနယ်ဒို တစ်ဦးတည်းကသာ အနိုင်ရရှိချင်တဲ့စိတ် ရှိခဲ့တယ်လို့ ဘောလုံးသုံးသပ်သူတွေ က ဝေဖန် ထားကြပါတယ်။ အဆိုပါ ဝေဖန်သူတွေ ကြားထဲမှာ စီရိုနယ်ဒိုရဲ့ အစ်မဖြစ်သူဟာလည်း ပါဝင်ခဲ့ပြီး ရိုနယ်ဒိုရဲ့ အစ်မဟာ သူမရဲ့ တွစ်တာကနေ တဆင့် ဂျူဗင်တပ်မှာ ရိုနယ်ဒို တစ်ဦးတည်းသာ နိုင်လိုစိတ် ရှိခဲ့တယ်လို့ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Express

စီရိုနယ်ဒိုရဲ့ အစ်မဖြစ်သူဟာ သူမရဲ့ အင်စတာဂရမ် အကောင့်မှာ အခုလိုပဲ ရေးသားကာ ဂျူဗင်တပ် ကစားသမားတွေကို ဝေဖန်သွားခဲ့တာပါ။ စီရိုနယ်ဒိုရဲ့ အစ်မဖြစ်သူက ” ချစ်ရတဲ့ မောင်လေးရေ… နင်က တခြားသူတွေထက် ပိုသာအောင် လုပ်နိုင်ခဲ့ပါတယ်။ နင်ရဲ့ ကစားပုံနဲ့ အာရုံစူးစိုက်မှုကို မြင်ရတဲ့အတွက် ငါ ဂုဏ်ယူပါတယ်။ ဒါပေမယ့် အရာအားလုံးကိုတော့ နင် တစ်ယောက်ထဲနဲ့ လုပ်နိုင်မှာ မဟုတ်ဘူးလေ။ ဘောလုံး လောကဟာ ဒီလိုပဲ ဆိုတာကို နင် သိပါတယ်။ ဒါပေမယ့် နင်ဟာ အကောင်းဆုံး လုပ်ဆောင် နိုင်ခဲ့ပြီး အခုချိန်အထိ အကောင်းဆုံး ဖြစ်နေဆဲပါ ” လို့ ရေးသား သွားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စီရိုနယ်ဒို အပါအဝင် ဂျူဗင်တပ်အသင်းရဲ့ ကစားသမားတွေဟာ သူတို့ရဲ့ နွေရာသီ အားလပ်ရက်မှာ အနားယူဖို့ အတွက် အသီးသီး ပြင်ဆင်နေကြပါပြီ။