ပေါ်တူဂီ လက်ရွေးစင်အသင်းရဲ့ တန်ဖိုးကြီး နှစ်ချို့ဝိုင်ကြီးလို့ တင်စားခေါ်ဆိုရမယ့် GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ပေါ်တူဂီနဲ့ အိုင်ယာလန်အသင်းတို့ရဲ့ နိုင်ငံတကာ ခြေစမ်းပွဲစဉ်ကို ပါဝင်ကစားခဲ့ရင်း ပေါ်တူဂီအတွက် သွင်းဂိုး (၂)ဂိုးကို သွင်းယူခဲ့ပြီး ယူရို-၂၀၂၄ပြိုင်ပွဲအတွက် အဆင်သင့် ဖြစ်နေကြောင်းကို ပြသနိုင်ခဲ့ပါတယ်။

အသက် (၃၉)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဝါရင့် ကစားသမားကြီး ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ယူရို-၂၀၀၄ ပြိုင်ပွဲကနေ စတင်ပြီး ပါဝင်ကစားခဲ့သလို ယူရို-၂၀၁၆ ပြိုင်ပွဲတုန်းကလည်း ပေါ်တူဂီအတွက် ယူရိုဖလားကြီးကို ရယူပေးနိုင်ခဲ့ပါတယ်။ အခု ယူရို-၂၀၂၄ ပြိုင်ပွဲကိုလည်း ပေါ်တူဂီအသင်းအတွက် ဦးဆောင်ပြီး ပါဝင် ဆင်နွဲပေးသွားဦးမှာဖြစ်ပြီး ယူရို-၂၀၁၆တုန်းကလည်းလို အောင်မြင်မှုမျိုး ထပ်မံ ရယူပေးသွားဖို့ ဆန္ဒပြင်းပြနေပါတယ်။

Photo Credit : Eurosport

ဂျာမနီနိုင်ငံမှာ ကျင်းပသွားမယ့် ယူရို-၂၀၂၄ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းက ချက် တူရကီ ဂျော်ဂျီယာအသင်းတို့နဲ့ တစ်အုပ်စုတည်း အတူကျရောက်လို့နေပြီး တခြားသော အသင်းကြီးတွေထက် အုပ်စုအနေအထားက ချောင်တယ်လို့ ဆိုနိုင်သလို အုပ်စုဗိုလ်နေရာနဲ့ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့လည်း အခြေအနေအကောင်းဆုံး ဖြစ်နေနိုင်ပါတယ်။

ဒီပြိုင်ပွဲမှာ ရော်နယ်လ်ဒိုအနေနဲ့ ပေါ်တူဂီအတွက် နောက်ထပ် အောင်မြင်မှုတွေကို ရယူပေးနိုင်ဖွယ် ရှိနေသလို သူ့အတွက်လည်း ဘယ်ကစားသမားကမှ အမီလိုက်လို့ မရနိုင်တဲ့ စံချိန်မှတ်တမ်းကောင်းတွေကို ထပ်မံ ရယူသွားဖို့ အခြေအနေ ရှိနေပါတယ်။ အခု ယူရိုပြိုင်ပွဲဟာလည်း ရော်နယ်လ်ဒိုအတွက် (၆)ကြိမ်မြောက် ယူရိုပြိုင်ပွဲလည်း ဖြစ်သလို ယူရိုပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ်နဲ့လည်း ရပ်တည်နေပါတယ်။

Photo Credit : Goal

 

ရော်နယ်လ်ဒိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဆော်ဒီကလပ် အယ်လ်နာဆာအသင်းအတွက် အတော်လေး ခြေစွမ်းပြသနိုင်ခဲ့ပြီး ဆော်ဒီလိဂ်ဂိုး (၃၅)ဂိုးအထိ သွင်းယူခဲ့လို့ တစ်ရာသီအတွင်း ဆော်ဒီလိဂ်ဂိုး အများဆုံး သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် စံချိန်သစ် ရေးထိုးနိုင်ခဲ့သလို ဆော်ဒီလိဂ်မှာ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို (၆)ကြိမ် ရယူရင်း တစ်ရာသီထဲ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို အကြိမ်အများဆုံး ရရှိတဲ့ ကစားသမားအဖြစ်ပါ မှတ်တမ်းတင်ခံရပါသေးတယ်။

အခုလည်း ယူရို-၂၀၂၄ ပြိုင်ပွဲကြီး မတိုင်ခင် နောက်ဆုံးကစားခဲ့ရတဲ့ ခြေစမ်းပွဲမှာပါ အိုင်ယာလန်အသင်းဘက်ကို (၂)ဂိုး သွင်းယူခဲ့တာကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲကြီးမှာလည်း ရော်နယ်လ်ဒိုရဲ့ သွင်းဂိုးတွေကို ဆက်လက် မြင်တွေ့သွားရဖို့က သေချာနေပြီး ပေါ်တူဂီအတွက် ဘယ်လောက်အထိ စွမ်းဆောင်ပေးနိုင်ဦးမလဲဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။