ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ လက်ရှိမှာ အသက်(၃၅)နှစ်အရွှယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့်လည်း အသက်အရွှယ်နဲ့မလိုက်အောင် ဘောလုံးအားကစားကို အကောင်းဆုံး အတိုင်းအတာတစ်ခုထိ ကစားနေနိုင်သေးပြီး လက်ရှိချိန်မှာလည်း ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ဆက်လက်ရပ်တည်နေနိုင်သေးသူဖြစ်လို့ သူရဲ့လက်ရှိကလပ် ဂျုဗင်တပ်စ်အသင်းကနေ ရိုနယ်ဒိုလ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်လျက်ရှိနေကာ ၂၀၂၄ခုနှစ်အထိကို အသင်းမှာ ဆက်လက်ရှိနေနိုင်ဖို့အတွက် (၂)နှစ်စာချုပ်နဲ့ ကမ်းလှမ်းလာဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ အသက်(၃၅)နှစ်ပြည့်မြောက်ခဲဲ့တဲ့ ရော်နယ်ဒိုဟာ သူရဲ့လက်ရှိအနေအထားတွေအရ အကောင်းဆုံးခြေစွမ်းတွေနဲ့ ဆက်လက်ကစားနေနိုင်သေးပြီး အသင်းအတွက်ကိုလည်း သွင်းဂိုးတွေ ဆက်လက်သွင်းယူပေးထားနိုင်သေးတာကြောင့် ဂျုဗင်တပ်စ်အသင်းဘက်ကနေ အခုလို စာချုပ်သက်တမ်းတိုးချင်နေတာဖြစ်ပါတယ်။ လက်ရှိ ရော်နယ်ဒိုနဲ့ ဂျုဗင်တပ်စ်အသင်းတို့ ချုပ်ဆိုထားတဲ့ (၄)နှစ်စာ စာချုပ်သက်တမ်းက လာမယ့်၂၀၂၂ခုနှစ်မှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် နောက်ထပ်(၂)နှစ်အထိ ထပ်မံသက်တမ်းတိုးဖို့ ပြင်ဆင်လာခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင်(၅)သိန်းအထိ ရရှိလို့နေတဲ့ ရော်နယ်ဒိုဟာ ဂျုဗင်တပ်စ်အသင်းနဲ့သာ ဆက်လက်ရှိနေဦးမယ်ဆိုရင် သူရဲဲ့လုပ်ခလစာက ပိုတိုးမြှင့်လာမှာ သေချာနေသလို တကယ်လို့များ ဂျုဗင်တပ်စ်အသင်းအတွက် နှစ်ပေါင်းများစွာ အလှမ်းဝေးလို့နေတဲ့ ချန်ပီယံလိဂ်ဖလားကြီးကိုပါ ရယူပေးနိုင်မယ်ဆိုရင် အပိုဆုကြေးငွေပေါင်းများစွာကိုလည်း ပိုင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ ဂျုဗင်တပ်စ်အသင်းကလည်း သူတို့အသင်းနဲ့ ၁၉၉၆ခုနှစ်ကတည်းက ဝေးကွာနေတဲ့ ဥရောပချန်ပီယံလိဂ်ဖလားကြီးကို တဖန်ပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက် ရော်နယ်ဒိုလို ကစားသမားမျိုးကို ရီးရဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီမှာ ဂျုှဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၂ပွဲ ၂၅ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကာ စီးရီးအေသွင်းဂိုး ၂၁ဂိုးအထိ ရယူထားနိုင်ခဲ့ပါတယ်။