ဂျုဗင်တပ်စ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဂျုဗင်တပ်စ်နဲ့ ကာဂလီယာရီအသင်းတို့ ထိပ်တိုက်တွေ့ဆုံရမယ့် အီတလီစီးရီးအေပွဲစဉ်မှာ ဂျုဗင်တပ်စ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ်နဲ့ ပထမဆုံးအကြိမ် တာဝန်ယူ ပါဝင်ရဖွယ်ရှိနေတယ်လို့ အီတလီသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Tuttosport ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

ဂျုဗင်တပ်စ်အသင်းရဲ့ အသင်းခေါင်းဆောင်နဲ့ ဒုတိယမြောက် အသင်းခေါင်းဆောင်တွေဖြစ်တဲ့ ချီလီနီနဲ့ ဘနူချီတို့နှစ်ယောက်လုံးဟာ လက်ရှိအချိန်မှာ ကြွက်သားဒဏ်ရာအသီးသီးနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ ကာဂလီယာရီအသင်းနဲ့ ပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ပါတယ်။ အသင်းအနေနဲ့ အသင်းရဲ့ အဓိက အသင်းခေါင်းဆောင်တွေ ပါဝင်ကစားနိုင်ခြင်းမရှိတဲ့ ပွဲစဉ်တွေမှာဆိုရင် အသင်းအတွက် ပွဲပေါင်းများစွာ ပါဝင်ကစားထားခဲ့ဖူးတဲ့ ကစားသမားတွေကိုပဲ အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးတာဖြစ်ပြီး လက်ရှိအသင်းမှာ ဒီဘားလား ကွာဒရာဒိုတို့လို ကစားသမားတွေကို Captain လက်ပတ်ပေးနိုင်ပေမယ့် နည်းပြပီယာလိုကတော့ ရော်နယ်ဒိုကိုပဲ တာဝန်ပေးသွားဖွယ်သာ ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Getty Image

အသင်းရဲ့ဝါရင့်ဂိုးသမားကြီး ဘူဖွန်သာ ဒီပွဲကို ပါဝင်ကစားဖြစ်မယ်ဆိုရင် ဘူဖွန်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးမှာဖြစ်ပေမယ့် နည်းပြပီယာလိုကတော့ ဘူဖွန်ထက် ပိုလန်ဂိုးသမားရှက်ဇနီကိုပဲ ပွဲထွက်စေဖို့ပဲ ရာခိုင်နှုန်းများနေတဲ့အတွက် လက်ရွေးစင်အသင်းမှာလည်း အသင်းခေါင်းဆောင်တာဝန်ကို ထမ်းဆောင်နေရတဲ့ ရော်နယ်ဒိုကိုပဲ ပီယာလိုက အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်လာနိုင်ပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ်ဘက်က ရော်နယ်ဒိုကို ယခင်ကတည်းက အသင်းခေါင်းဆောင်ရာထူးကို ပေးအပ်ခဲ့ဖူးပြီး ရော်နယ်ဒိုကတော့ ဒီတာဝန်ကို ပယ်ချခဲ့ကာ သူ့ထက် အသင်းမှာ ပွဲအရေအတွက်များစွာ ကစားခဲ့ဖူးသူတွေကသာ အသင်းခေါင်းဆောင် ဖြစ်သင့်တယ်လို့ တု့ံပြန်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက ရော်နယ်ဒိုဟာ အသင်းနဲ့ လမ်းခွဲတော့မယ့် ဝါရင့်ကွင်းလယ်ကစားသမားမာတွီဒီကိုပဲ အသင်းခေါင်းဆောင်တာဝန် ပေးအပ်သင့်တယ်လို့ တိုက်တွန်းခဲ့ဖူးပြီး သူရဲ့လုပ်ရက်ကိုလည်း ပရိသတ်များစွာက အတော်လေး ချီးကျူးခဲ့ကြပါတယ်။ ဒါကြောင့် ကာဂလီယာရီနဲ့ပွဲမှာ ရော်နယ်ဒိုကို ဂျုဗင်တပ်စ်အသင်းခေါင်းဆောင်အဖြစ်နဲ့ မြင်တွေ့လာနိုင်ပါတယ်။ ရော်နယ်ဒိုဟာ ကိုဗစ်ကူးစက်မှုကို ခံစားခဲ့ရပေမယ့်လည်း သူရဲ့အကောင်းဆုံးခြေစွမ်းတွေကိုတော့ ကိုဗစ်က မဟန့်တားနိုင်ခဲ့ပဲ ကိုဗစ်ကနေ ပြန်လာချိန်မှာ အသင်းအတွက် သွင်းဂိုးတွေကို ရယူနိုင်ခဲ့ပါတယ်။