အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ရိုနယ်ဒို ကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းနဲ့ အူဒီးနိစ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၂ဂိုး သွင်းယူပြီးခဲ့ပြီး နောက်မှာတော့ ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူးကြီး ပီလီကို ကျော်ဖြတ်ကာ ဘောလုံးသမိုင်း တစ်လျှောက် ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာကြောင်း သိရှိ ရပါတယ်။ ယနေ့မနက်မှာ ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းနဲ့ အူဒီးနိစ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ဂျူဗင်တပ် အသင်းဟာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အူဒီးနိစ်အသင်းကို အနိုင်ရရှိခဲ့ပြီး ရိုနယ်ဒိုဟာ အသင်းရဲ့ နိုင်ပွဲအတွက် အဓိက ကျခဲ့ပြီး သွင်းဂိုး ၂ဂိုး သွင်းယူပေးခဲ့ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: AS English

အူဒီးနိစ်အသင်းဘက်ကို သွင်းဂိုး ၂ဂိုး သွင်းယူပေးခဲ့ပြီး နောက်မှာတော့ ရိုနယ်ဒိုဟာ သူ့ရဲ့ ကစားသမား ဘဝမှာ သွင်းဂိုး ၇၅၈ ဂိုး ပြည့်သွားခဲ့ပြီး ဘရာဇီးလ်အသင်းနဲ့ ဆန်းတို့စ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး ပီလီကို ကျော်ဖြတ်ကာ ဘောလုံးသမိုင်းရဲ့ ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာပါတယ်။ ပီလီဟာ သူ့ရဲ့ ကစားသမား ဘဝမှာ သွင်းဂိုး ၇၅၇ဂိုး အထိ သွင်းယူနိုင်ခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ရိုနယ်ဒိုဟာ အူဒီးနိစ်အသင်းဘက်ကို ပထမသွင်းဂိုး သွင်းယူချိန်မှာ ပီလီရဲ့ စံချိန်ကို လိုက်မှီခဲ့တာ ဖြစ်ကာ ဒုတိယ သွင်းဂိုး သွင်းယူပြီးချိန် မှာတော့ ပီလီရဲ့ စံချိန်ကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ် နိုင်ခဲ့တာပါ။ ကမ္ဘာ့ ဘောလုံးသမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားသူ ကတော့ ဆလာဗီးယား နိုင်ငံလက်ရွေးစင် ဂျိုးဆပ် ဘီကန်ပဲ ဖြစ်ပါတယ်။

Photo Credit: AS English

ဘီကန်ဟာ ၁၉၃၁ခုနှစ် ကနေ ၁၉၅၅ခုနှစ် အထိ ဘောလုံး ကစားခဲ့သူ ဖြစ်ပြီး သူဟာ တရားဝင် ပွဲစဉ်ပေါင်း ၅၃၀ကျော် ကစားခဲ့ရာ သွင်းဂိုး ၈၀၅ဂိုး အထိ သွင်းယူနိုင်ခဲ့သူပါ။ ရိုနယ်ဒို ကတော့ သူ့ရဲ့ ကစားသမားဘဝ သက်တမ်းမှာ ၁၀၃၃ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၇၅၈ဂိုး ပြည့်မြောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၂၀ – ၂၀၂၁ ဘောလုံးရာသီဟာ ရာသီဝက်သာ ရှိသေးတာကြောင့် လက်ကျန် ရာသီဝက် အတွင်းမှာ ရိုနယ်ဒိုရဲ့ သွင်းဂိုးတွေကို ဆက်လက် မြင်တွေ့ရဦးမှာ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန် မှာတော့ ရိုနယ်ဒိုရဲ့ သွင်းဂိုး အရေအတွက်ဟာ ၇၈၀ဂိုးလောက် ဖြစ်သွားနိုင်ပါတယ်။ ရိုနယ်ဒိုဟာ ရည်မှန်းချက် ကြီးမားတဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် ပထမနေရာမှာ ရှိနေတဲ့ ဘီကန်ရဲ့ ၈၀၅ဂိုး စံချိန်ကို ကျော်ဖြတ်ဖို့ ကြိုးစားမှာ ဖြစ်ပြီး သူ့ရဲ့ ဂိုးသွင်းနှုန်းကိုသာ ဆက်လက် ထိန်းထားနိုင်ပါက လာမယ့် ဘောလုံးရာသီ အကုန်မှာ ဘီကန်ရဲ့ သွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ချေ ရှိနေပါတယ်။