အီတလီ စီးရီးအေရဲ့ ပြိုင်ဘက်ကင်း အသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ ဂျူဗင်တပ်အသင်း ကတော့ ယနေ့မနက်မှာ ယှဉ်ပြိုင် ကစားသွားခဲ့တဲ့ ဆမ်ဒိုရီးယားအသင်းနဲ့ ပွဲစဉ်မှာ ၂ဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ စီးရီးအေ စကူဒက်တိုဖလားကို ဆွတ်ခူး ရရှိခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းဟာ အိမ်ကွင်း အလိုင်းရန့်ကွင်းထဲမှာ ဆမ်ဒိုရီးယားအသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အဆိုပါပွဲစဉ် မှာ ဂျူဗင်တပ်အသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် ၄၅+၇ မိနစ်မှာ အဓိက တိုက်စစ်မှူး စီရိုနယ်ဒိုနဲ့ ပွဲချိန် ၆၇မိနစ်မှာ တောင်ပံ ကစားသမား ဘာနာဒက်ချီတို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ယခုတစ်ကြိမ် စကူဒက်တိုဖလားကို ရရှိခဲ့မှုကြောင့် ဂျူဗင်တပ်အသင်းဟာ နောက်ဆုံး ၉ရာသီဆက်တိုက် စကူဒက်တိုဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Photo Credit: Express

ဂျူဗင်တပ်အသင်းဟာ ၂၀၁၂ ခုနှစ်မှ စတင် ကာ စီးရီးအေ ချန်ပီယံဘွဲ့ကို ရရှိခဲ့တာ ဖြစ်ပြီး ယခုတစ်ကြိမ် ရရှိမှုဟာ ၉ကြိမ်ဆက်တိုက် ရရှိမှု ဖြစ်သလို စီးရီးအေပြိုင်ပွဲ တစ်လျှောက် ၃၆ကြိမ် မြောက် ရရှိခဲ့တာ ဖြစ်တာကြောင့် ဥရောပတစ်ဝှမ်းမှာ လိဂ်ဖလား အများဆုံး ရရှိတဲ့ အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ စီရိုနယ်ဒိုကတော့ ဆမ်ဒိုရီးယားအသင်းကို အနိုင်ယူကာ စီးရီးအေဖလားကို ကိုင်မြှောက်အပြီးမှာတော့ ယခုရာသီရဲ့ စီးရီးအေဖလားဟာ ကိုရိုနာဗိုင်းရပ်ကို အိမ်တွင်းပုန်းကာ ခုခံကာကွယ်နေရတဲ့ ဂျူဗီ ပရိသတ်တွေကို ရည်ညွှန်းတဲ့ ဆုတံဆိပ်တစ်ခု ဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Express

စီရိုနယ်ဒိုဟာ သူ့ရဲ့ အင်စတာဂရမ်အကောင့် ကနေ တဆင့် ယခုနှစ် ဘောလုံးရာသီရဲ့ စီးရီးအေဆုဖလားကို ရယူနိုင်ခဲ့မှုဟာ ပရိသတ်တွေကို ရည်ညွှန်းကြောင်း ရေးသားသွားခဲ့တာပဲ ဖြစ်ပါတယ်။ စီရိုနယ်ဒိုက ” အလုပ်ပြီးပြီ။ ငါတို့ဟာ အီတလီရဲ့ ချန်ပီယံပဲ။ နှစ်ရာသီဆက်တိုက် ချန်ပီယံဖြစ်ခဲ့မှု အတွက် ဂုဏ်ယူရသလို အသင်းရဲ့ ကြီးကျယ်တဲ့ သမိုင်းကြောင်းမှာ ဆက်လက် ပါဝင်ခွင့်ရတာက တကယ်ကို ကောင်းပါတယ်။ ဒီဆုဖလားဟာ ကပ်ဘေးဒဏ်ကို ကိုယ်တိုင် ခံစားခဲ့ရ ၊ တိုက်ဖျက်ခဲ့ရသလို ကမ္ဘာကြီး တစ်ခုလုံးက အံ့အားသင့်သွားရအောင် ကြိုးစားပြခဲ့ကြတဲ့ ဂျူဗင်တပ် ပရိသတ်တွေကို ရည်ညွှန်းတဲ့ အောင်ပွဲတစ်ခုပါပဲ။ အဲ့ဒီလို လုပ်ဆောင်ရတာဟာ မလွယ်ကူပါဘူး။ ခင်ဗျားတို့ရဲ့ သတ္တိတွေ ၊ သဘောထားနဲ့ ဆုံးဖြတ်ချက်တွေဟာ ကျွန်တော် တို့ကို စီးရီးအေချန်ပီယံ ဖြစ်အောင် တွန်းအားပေးနိုင်ခဲ့ပါတယ်။ ခင်ဗျားတို့အားလုံးကို အကြီးကြီး ဖက်ထားချင်ပါတယ် ” လို့ ရေးသား ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။