ဆော်ဒီ အင်အားကြီးကလပ် အယ် နက်ဆာနဲ့ ပေါ်တူဂီတို့ရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ ဆလိုဗက်ကီးယား ပွဲစဉ်မှာ ဝင်ရောက် ကစားပေးခဲ့မှုကြောင့် ပေါ်တူဂီ အတွက် ပြိုင်ပွဲစုံမှာ ပွဲ ၂၀၀ ကစားပေးနိုင်တဲ့ မှတ်တမ်းကောင်းကို ရယူ ပိုင်ဆိုင်နိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၃၈နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ပေါ်တူဂီရဲ့ သမိုင်းမှာ ထာဝရ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သလို နိုင်ငံအတွက် ယူရိုဖလားနဲ့ နေးရှင်းလိဂ်ဖလားတို့ကို ရယူပေးထားပါတယ်။

Photo Credit: Marca

ရိုနယ်ဒိုက ကမ္ဘာပေါ်မှာ နိုင်ငံတကာသွင်းဂိုး အများဆုံး ကစားသမား အဖြစ် ရပ်တည်နေသလို ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပေါ်တူဂီ ၃-၂ ဆလိုဗက်ကီးယား ပွဲစဉ်မှာလည်း အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုး ၂ဂိုးကို သွင်းယူပေးကာ အသင်းကို ကယ်တင်ပေးခဲ့ပြန်ပါတယ်။

ပေါ်တူဂီ ၃-၂ ဆလိုဗက်ကီးယား ပွဲစဉ်မှာ ရိုနယ်ဒိုက ရာမို့စ် ၊ လီယာအိုတို့နဲ့ တွဲဖက်ကာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင် ကစားခွင့် ရခဲ့ပြီး ပွဲချိန် ၂၉မိနစ်နဲ့ ၇၂မိနစ်တွေမှာ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့တာပါ။

Photo Credit: Goal

အဆိုပါပွဲမှာ ပေါ်တူဂီ အတွက် သွင်းဂိုးတွေကို ရာမို့စ်နဲ့ ရိုနယ်ဒိုတို့ နှစ်ဦးထဲက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဆလိုဗက်ကီးယား အတွက် ချေပဂိုးတွေကိုတော့ ဘယ်နောက်ခံလူ ဟက်ချ်ကိုနဲ့ ကွင်းလယ်လူ လိုဘော့ကာတို့က အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

သူ့ရဲ့ ပေါ်တူဂီ ကစားသမားဘဝ ပွဲ ၂၀၀ပြည့်မှာ အနိုင်ဂိုး ၂ဂိုး သွင်းယူပေးနိုင်မှုကြောင့် ရိုနယ်ဒိုရဲ့ နိုင်ငံတကာသွင်းဂိုး အရေအတွက်ဟာ ၁၂၅ဂိုး အထိ ရှိလာခဲ့ပြီလို့လည်း သိရပါတယ်။