MySport Myanmar

အယ်လ်နာဆာအတွက် AFC ချန်ပီယံလိဂ်ဖလားကို ရယူပေးသွားချင်တယ်လို့ ရော်နယ်လ်ဒို ဆို

အယ်လ်နာဆာအသင်းရဲ့ အသင်းခေါင်းဆောင် ပေါ်တူဂီ စူပါစတားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက အယ်လ်နာဆာနဲ့အတူ AFC ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆုဖလား အောင်မြင်မှုကြီး ရယူပေးသွားချင်တယ်လို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

ဘာလွန်းဒေါဆူ (၅)ကြိမ်ရ ဝါရင့် တိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်ကနေ စွန့်ခွာပြီး ၂၀၂၃မှာပဲ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းအတွက် ဂိုးပေါင်းများစွာ သွင်းယူပေးနိုင်ခဲ့ပြီး ဥရောပလိဂ်က ကစားသမားတွေကိုလည်း ဆော်ဒီလိဂ်ဆီ ပြောင်းလာဖို့ လမ်းဖွင့်ပေးခဲ့ပေမယ့်လည်း အသင်းနဲ့တော့ အာရပ်ကလပ် ချန်ပီယံရှစ်ဖလားသာ ရယူနိုင်ခဲ့ပါတယ်။

Photo Credit : beIN SPORTS

ဆော်ဒီလိဂ်ရဲ့ ပြည်တွင်းဖလားတွေဖြစ်တဲ့ ဆော်ဒီအမှတ်ပေးဖလားပြိုင်ပွဲ ၊ ရှုံးထွက်ဖလားပြိုင်ပွဲနဲ့ စူပါဖလားပြိုင်ပွဲတွေမှာ ဒုတိယနေရာတွေသာ ရရှိခဲ့တဲ့ ရော်နယ်လ်ဒိုက အခုတော့ အာရှက ထိပ်သီးကလပ်တွေ ဝင်ရောက် ဆင်နွဲရတဲ့ AFC ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူ့အသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးသွားချင်နေပါတယ်။

လက်ရှိမှာတော့ ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းက ဒီရာသီ AFC ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့် လက်ကျန် (၂)ပွဲကစားဖို့ ကျန်ရှိနေသေးပေမယ့်လည်း အုပ်စုကနေ (၁၆)သင်း ရှုံးထွက်အဆင့်ဆီကို တက်လှမ်းထားနိုင်ခဲ့ပြီ ဖြစ်သလို (၆)ပွဲကစားထားပြီးချိန်မှာလည်း (၁)ပွဲတည်းသာ ရှုံးနိမ့်ထားခဲ့ရပါတယ်။

Photo Credit : ESPN

“AFC ချန်ပီယံလိဂ်ဖလားဟာ ကလပ်အသင်းအတွက် ကျွန်တော် ရယူပေးသွားချင်တဲ့ အရာတစ်ခုပါပဲ။ ကျွန်တော် အယ်လ်နာဆာအသင်းကို ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ ဆက်လက် တွန်းအားပေး ကူညီသွားမှာပါ။ ဒီနှစ်ဟာလည်း အယ်လ်နာဆာအသင်းအတွက် ကောင်းမွန်တဲ့ နှစ်တစ်နှစ် ဖြစ်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။”

“ကျွန်တော်ရော ကျွန်တော့်မိသားစုပါ ဆော်ဒီမှာ ပျော်ရွှင်နေပါတယ်။ ဒီလို လှပတဲ့ တိုင်းပြည်မှာ ကျွန်တော်တို့ရဲ့ ဘဝသစ်တွေ စလိုက်ပါပြီ။ အလုပ်ကြိုးစားပြီး အသင်းကိုရော အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပေါ်မှာ လေးစားရပါမယ်။ နောက်ပြီး အယ်လ်နာဆာအတွက် နောက်ထပ် ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ ကြိုးစားနေရပါမယ်။” လို့ ရော်နယ်လ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version