MySport Myanmar

ဆော်ဒီလိဂ်က လီဂူးဝမ်းထက် ပိုကောင်းတဲ့လိဂ် ဖြစ်နေပြီလို့ ပြောလာတဲ့ ရိုနယ်ဒို

ဆော်ဒီ ထိပ်သီးကလပ် အယ် နက်ဆာနဲ့ ပေါ်တူဂီတို့ရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက သူ ကစားနေတဲ့ ဆော်ဒီလိဂ်ဟာ ပြင်သစ် လီဂူးဝမ်းထက် ပြိုင်ဆိုင်မှု ပိုပြင်းထန်သလို လီဂူးဝမ်းထက်လည်း ပိုကောင်းတယ်လို့ Globe Soccer Award ဆုပေးပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၈နှစ် အရွယ် ပေါ်တူဂီလက်ရွေးစင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဇန်နဝါရီလမှာ အယ် နက်ဆာဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အယ် နက်ဆာက သူ့ကို တနှစ် လုပ်ခလစာ ယူရို ၂၀၀သန်းနဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: The Athletic

အယ် နက်ဆာက ရိုနယ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဆော်ဒီလိဂ်ဟာ ကမ္ဘာတလွှားမှာ နာမည်ကျော်လာခဲ့သလို အခြား ဆော်ဒီကလပ်တွေကလည်း ဘန်ဇီမာ ၊ နေမာ ၊ ကန်တီ ၊ မာနေး ၊ ဖာမီနို စတဲ့ နာမည်ကျော် ကစားသမား အများအပြားကို အပြိုင်အဆိုင် ခေါ်ယူခဲ့ကြပါတယ်။

ဒါကြောင့်ပဲ ယခုနှစ် ဆော်ဒီလိဂ်ပြိုင်ပွဲမှာ အသင်းကြီး အချင်းချင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲတွေဟာ အတော်လေးကို အကြိတ်အနယ် ရှိသလို ဘောလုံးပရိသတ် အများအပြားကလည်း ရိုနယ်ဒို ၊ ဘန်ဇီမာနဲ့ နေမာတို့လို ကမ္ဘာ့အဆင့် ကစားသမားတွေ ရှိနေတဲ့ ဆော်ဒီလိဂ်ကို စောင့်ကြည့် အားပေးလာကြပါတယ်။

Photo Credit: Standard

ရိုနယ်ဒိုကတော့ Globe Soccer Award ဆုပေးပွဲမှာ ဆော်ဒီလိဂ်ဟာ နာမည်ကျော် ပြင်သစ် လီဂူးဝမ်းထက် ပြိုင်ဆိုင်မှု ပိုပြင်းထန်တဲ့ လိဂ်တခု ဖြစ်ပြီး ဆော်ဒီလိဂ်က အခုချိန်မှာ ပြင်သစ် လီဂူးဝမ်းထက် ပိုကောင်းနေပြီလို့ ဆိုလာပါတယ်။

ရိုနယ်ဒိုက – “ဆော်ဒီလိဂ်က လီဂူးဝမ်းထက် ပိုညံ့တဲ့လိဂ် မဟုတ်ပါဘူး။ ဆော်ဒီလိဂ်က လီဂူးဝမ်းထက်တောင် ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ၁နှစ်တာ အတွေ့အကြုံကို အခြေခံပြီး ပြောတာပါ။ ဆော်ဒီလိဂ်က အခုချိန်မှာ လီဂူးဝမ်းထက် ပိုကောင်းနေပါပြီ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version