ဆော်ဒီထိပ်သီးကလပ် အယ် နက်ဆာရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ ပေါ်တူဂီ လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုက သူ့ကို အားပေးကြတဲ့ ပရိသတ်တွေဟာ သူ့ကို ချစ်ရုံနဲ့ သူ့ရဲ့ ခေတ်ပြိုင် ပြိုင်ဘက် လီယွန်နယ် မက်ဆီကို မုန်းဖို့ မလိုကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုနဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီတို့က ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံး ၅ဦး စာရင်းထဲမှာ ပါဝင်သလို သူတို့နှစ်ဦးက ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်အတွက် ၁၅နှစ် နီးပါး ယှဉ်ပြိုင်ခဲ့ကြသူတွေပါ။

Photo Credit: Independent

မက်ဆီနဲ့ ရိုနယ်ဒိုတို့ နှစ်ဦးက ကမ္ဘာပေါ်မှာ ရှိတဲ့ ကျန်တဲ့ ကစားသမားတွေ အားလုံးထက် ခေါင်းတလုံး ပိုမြင့်ကြသူတွေ ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ နည်းစနစ်ကျွမ်းကျင်မှု ၊ ပွဲရဲ့ အဖြေကို ပြောင်းလဲနိုင်မှုနဲ့ တည်ငြိမ်လွန်းတဲ့ စွမ်းဆောင်ရည်တွေက ပြိုင်ဘက်ကင်းပါတယ်။

ဒါကြောင့်ပဲ လီယွန်နယ် မက်ဆီက ရိုနယ်ဒိုဟာ သူနဲ့ တန်းတူတဲ့ ကစားသမား ဖြစ်တယ်လို့ ခံယူထားသလို ရိုနယ်ဒိုကလည်း အင်တာဗျူးတွေတိုင်းမှာ မက်ဆီဟာ သူ့ရဲ့ မိတ်ဆွေ တဦး မဟုတ်ပေမယ့် သူ့ကို ပိုကောင်းလာအောင် တွန်းအားပေးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် တဦး ဖြစ်ကြောင်း ပြောကြားလေ့ ရှိပါတယ်။

Photo Credit: Goal

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း ရိုနယ်ဒိုက သူ့ကို အားပေးကြတဲ့ ပရိသတ်တွေဟာ မက်ဆီကို မုန်းဖို့ မလိုအပ်ပဲ မက်ဆီနဲ့ သူဟာ ဘောလုံးသမိုင်းကို အတူတကွ ပြောင်းလဲခဲ့ကြသူတွေ ဖြစ်ပြီး သူတို့နှစ်ဦးကြားထဲမှာ ပြိုင်ဆိုင်မှုတွေ မရှိပါဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရိုနယ်ဒိုက – “ကျွန်တော့်ကို ချစ်တဲ့ ပရိသတ်တွေက မက်ဆီကို မုန်းဖို့ မလိုသလို မက်ဆီကို ချစ်တဲ့ ပရိသတ်တွေကလည်း ကျွန်တော့်ကို မုန်းဖို့ မလိုပါဘူး။ ကျွန်တော်တို့ နှစ်ယောက်စလုံးက ဘောလုံးသမိုင်းကို အတူတူ ပြောင်းလဲခဲ့ကြသူတွေပါ။ ကျွန်တော်တို့ နှစ်ယောက်စလုံးက တကမ္ဘာလုံးရဲ့ လေးစားမှုတွေကိုလည်း ရရှိထားပြီးပါပြီ။ ဒါက ကျွန်တော်တို့ အတွက် အရေးအကြီးဆုံးပါပဲ။ သူက သူ့ရဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေသလို ကျွန်တော်ကလည်း ကိုယ့်ရဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေတာပါ။ အခုချိန်မှာ သူက အသင်းသစ်နဲ့ အဆင်ပြေနေသလို ကျွန်တော်ကလည်း ဆော်ဒီမြေမှာ အဆင်ပြေနေပါတယ်။ ကျွန်တော်တို့ရဲ့ အမွေအနှစ်တွေက ဘောလုံးလောကမှာ ဆက်လက် ရှင်သန်နေပါလိမ့်မယ်။ ကျွန်တော်နဲ့ သူက ပြိုင်ဘက်တွေလို့ မခံယူထားပါဘူး။ သူနဲ့ ကျွန်တော်က ၁၅နှစ်လုံးလုံး ဆုပေးပွဲတွေကို အတူတူ တက်ခဲ့ကြတာပါ။ ကျွန်တော်တို့က သူငယ်ချင်းတွေ မဟုတ်သလို ကျွန်တော်က သူနဲ့လည်း တခါမှ ညစာ မစားဖူးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သလို တယောက်နဲ့ တယောက် လေးစားကြပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။