MySport Myanmar

စိတ်အားထက်သန်နေသမျှ ဘောလုံး ဆက်ကစားနေဦးမယ်လို့ ဆိုလိုက်တဲ့ ရော်နယ်လ်ဒို

အယ်လ်နာဆာအသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ အသင်းခေါင်းဆောင် ဝါရင့် တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဘောလုံးသမားဘဝကနေ အနားယူမယ့် ကိစ္စနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ဘောလုံးကစားတာကို စိတ်အားထက်သန်နေသမျှ ဆက်ကစားသွားဦးမယ်လို့ ရှင်းလင်း ပြောကြားလိုက်ပါတယ်။

လက်ရှိမှာ အသက် (၃၉)နှစ်အရွယ် ရှိနေပြီဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီမှာပဲ အသက် (၄၀)ပြည့်တော့မှာ ဖြစ်ပေမယ့်လည်း အယ်လ်နာဆာအတွက်ရော ပေါ်တူဂီအတွက်ပါ ပွဲထွက်ကစားသမားအဖြစ် ကစားပေးနေရင်း ဂိုးတွေလည်း ဆက်တိုက် သွင်းယူနေသူလည်း ဖြစ်ပါတယ်။

Photo Credit : Fabrizio Romano

ရော်နယ်လ်ဒိုဟာ မနေ့က ပေါ်တူဂီနဲ့ ပိုလန်တို့ ပွဲစဉ်မှာလည်း ပေါ်တူဂီအတွက် သွင်းဂိုး (၂)ဂိုး ဂိုးဖန်တီးမှု (၁)ကြိမ် လုပ်ဆောင်ခဲ့ရင်း အခုဆိုရင် သူရဲ့ ဂိုးအရေအတွက်ဟာလည်း (၉၁၀)ဂိုးအထိတောင် ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုကိုယ်တိုင်က သူရဲ့ ကစားသမားဘဝကို အဆုံးမသတ်ခင်မှာ ဂိုး(၁၀၀၀)ပြည့်အောင် သွင်းယူမယ်လို့ ပြောခဲ့ပေမယ့် လက်ရှိမှာတော့ ရော်နယ်လ်ဒိုက ဂိုး(၁၀၀၀) ပြည့်ဖို့ထက် ဘောလုံးကစားနေတာကို ပျော်ရွှင်နေဖို့သာ အရေးကြီးတယ်လို့ ပြောဆိုလာပါတယ်။

“ကျွန်တော် သွင်းဂိုး (၁၀၀၀)စံချိန်ကိုတောင် မစဉ်းစားမိတော့ပါဘူး။ ဘောလုံးသမားတိုင်းကတော့ စံချိန်မှတ်တမ်းကောင်းတွေကို ဖန်တီးချင်ကြမှာ သေချာပေမယ့် လက်ရှိအချိန်မှာတော့ ကျွန်တော်က ဒီဂိုးစံချိန်ကို အာရုံစိုက်မနေပါဘူး။”

Photo Credit : Fabrizio Romano

“ကျွန်တော် ဘောလုံးကစားရတာကို ပျော်ပျော်ရွှင်ရွှင်ပဲ ကစားသွားချင်ပါတယ်။ ဘောလုံးသမားဘဝကနေ အနားယူဖို့ အစီအစဉ်ဆွဲထားပါတယ်။ ဒါက တစ်နှစ်အတွင်းမှာပဲ ဖြစ်လာမလား နှစ်နှစ်အတွင်းမှာပဲ ဖြစ်လာမလားဆိုတာကတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော်က မကြာခင်မှာပဲ အသက် (၄၀) ပြည့်တော့မှာပါ။”

“ဘောလုံးကစားနေရတာကို ကျွန်တော် တကယ်ကို ပျော်ရွှင်နေချင်တယ်။ ဘောလုံးကစားရတာကို ပျော်ရွှင်နေမယ် စိတ်အားထက်သန်နေမယ်လို့ ခံစားနေရတယ်ဆိုရင် ကျွန်တော် ဆက်ကစားနေပါဦးမယ်။ အဲ့ဒီလိုတွေမှ မခံစားရတော့ဘူးဆိုရင်တော့ ကျွန်တော် အနားယူသွားမှာပါ။” လို့ ရော်နယ်လ်ဒိုက ရှင်းလင်း ပြောဆိုလိုက်ပါတယ်။

Exit mobile version