MySport Myanmar

ဂိုး (၁၀၀၀) ပြည့်ဖို့ထက် လက်ရှိ အခိုက်အတန့်ကိုပဲ အာရုံထားတယ်လို့ ရော်နယ်လ်ဒို ဆို

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းရဲ့ အသင်းခေါင်းဆောင် စူပါစတား တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက ကစားသမားဘဝကနေ အနားမယူခင် ဂိုးပေါင်း (၁၀၀၀) ပြည့်အောင် သွင်းယူမယ့် ရည်မှန်းချက်ကို ပြည့်မြောက်အောင် လုပ်ဖို့ထက် လက်ရှိ အခိုက်အတန့်မှာပဲ နေထိုင်နေတယ်လို့ ပြောဆိုလာခဲ့ပါတယ်။

လာမယ့် ၂၀၂၅ ဖေဖော်ဝါရီလမှာပဲ အသက် (၄၀)ပြည့်တော့မယ့် ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်ထိ အယ်လ်နာဆာအတွက်ရော ပေါ်တူဂီအတွက်ပါ အရေးအပါဆုံး ကစားသမား ဖြစ်နေသေးသလို ပေါ်တူဂီနဲ့လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုပါ ဝင်ရောက် ဆင်နွဲသွားဖို့အထိ ဆန္ဒရှိနေပြန်ပါတယ်။

Photo Credit : Goal

ဒါ့အပြင် မကြာသေးခင်ကမှ ဘောလုံးလောကထဲ ပထမဦးဆုံး သွင်းဂိုးပေါင်း (၉၀၀) ပြည့်မြောက်ထားခဲ့ရတဲ့ ရော်နယ်လ်ဒိုဟာ ဂိုး (၉၀၀)ကနေ ဂိုးပေါင်း (၁၀၀၀)အထိပါ ထပ်မံ ပြည့်မြောက်ဖို့အထိ ရည်မှန်းလာခဲ့ပြီး အခုဆိုရင်လည်း ရော်နယ်လ်ဒိုက ဂိုး(၉၀၀)ပြည့်ပြီးတဲ့နောက် (၉၀၈)ဂိုးထိတောင် သွင်းယူထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

တကယ်တော့ အသက် (၄၀)ပြည့်တော့မယ့် ရော်နယ်လ်ဒိုအနေနဲ့ ဂိုး(၁၀၀၀) ပြည့်ဖို့အတွက် နောက်ထပ် (၉၂)ဂိုးအထိတောင် ဆက်လက် သွင်းယူဖို့က သိပ်မလွယ်ကူနိုင်တော့သလို ဒီဂိုးပမာဏဟာလည်း အနည်းဆုံး (၃)ရာသီလောက် ဒဏ်ရာကင်းစင်စွာ ကစားနိုင်မှသာ သွင်းယူနိုင်ဖို့ မျှော်လင့်ချက်ရှိမှာ ဖြစ်ပါတယ်။ ဒီအခြေအနေဲ့ ပတ်သက်ပြီး ရော်နယ်လ်ဒိုက “အခု လက်ရှိအခိုက်အတန့်မှာ နေထိုင်နေရင်းနဲ့ ကျွန်တော်ရဲ့ဘဝကို ဖြေရှင်းနေပါတယ်။”

Photo Credit : BBC

“နောက်ပြီး ကျွန်တော် ရေရှည်ကို မတွေးနိုင်တော့ပါဘူး။ သွင်းဂိုးပေါင်း (၁၀၀၀) ပြည့်မြောက်ချင်တယ်လို့ လူသိရှင်ကြား ကျွန်တော် ပြောထားခဲ့ဖူးပေမယ့် အခုတော့ အရာအားလုံးက လွယ်ကူသွားပုံရသလို ပြီးခဲ့တဲ့ လကပဲ ကျွန်တော် ဂိုး(၉၀၀)ပြည့်ခဲ့သေးတယ်။”

“ဒါက လက်ရှိ အခိုက်အတန့်နဲ့လည်း သက်ဆိုင်နေပြီး လာမယ့် နှစ်အနည်းငယ်အတွင်း ကျွန်တော်ရဲ့ ခြေထောက်က ဘယ်လို တုံ့ပြန်နိုင်မလဲဆိုတာ စောင့်ကြည့်သွားချင်ပါတယ်။ တကယ်လို့ ကျွန်တော် ဂိုး(၁၀၀၀) ပြည့်ခဲ့မယ်ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် တကယ်လို့ ကျွန်တော် ဂိုး(၁၀၀၀)သာ မသွင်းနိုင်ဘူးဆိုရင်လည်း ကျွန်တော်က သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းနိုင်တဲ့ ကစားသမား ဖြစ်နေပါပြီ။” လို့ ပြောဆိုလိုက်ပါတယ်။

Exit mobile version