ယခု နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေ မရှိလို့ စိတ်ဓာတ်ကျနေကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းဌာန တချို့က ဖော်ပြသွားကြပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျူဗင်တပ်ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့တဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် အသင်းဘက်က ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် ယခု နွေဈေးကွက်မှာတင် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ချင်နေသူပါ။

Photo Credit: Record

ရိုနယ်ဒိုနဲ့ သူ့ရဲ့ အေးဂျင့် မန်ဒက်စ်တို့ဟာ သူတို့ကသာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းခံလိုက်ရင် ရိုနယ်ဒိုကို ခေါ်ယူချင်တဲ့ ဥရောပ ထိပ်သီးအသင်းတွေ ရှိလိမ့်မယ်လို့ တွေးထင်ခဲ့ကြပြီး လူသိရှင်ကြား အသင်းပြောင်းခွင့် တောင်းခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပဲ ဥရောပ ထိပ်သီးအသင်းတွေက ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်မဝင်စားကြပါဘူး။

ဒါကြောင့်ပဲ ရိုနယ်ဒိုက လက်ရှိအချိန် အထိ မန်ချက်စတာ ယူနိုက်တက်မှာပဲ ဆက်လက် ရှိနေသေးပြီး ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်စ်ကတော့ သူ့ရဲ့ ကစားသမား အတွက် နွေဈေးကွက် မပိတ်မချင်း အသင်းသစ် ရှာဖွေပေးနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက အခိုင်အမာ ဖော်ပြထားပါတယ်။

Photo Credit: Record

စပိန်ရဲ့ နာမည်ကြီး သတင်းထောက်တွေထဲက တဦး ဖြစ်သူ လိုပက်ဇ်ရဲ့ ဖော်ပြချက်အရ ရိုနယ်ဒိုဟာ ယခု နွေဈေးကွက် အတွင်းမှာ သူ့ကို ခေါ်ဖို့ စိတ်ဝင်စားတဲ့ အသင်းတွေ မရှိတဲ့ အပေါ် အံ့အားသင့်နေသလို စိတ်ဓာတ်လည်း ကျဆင်းနေကြောင်း သိရပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို အသင်းမှာပဲ ဆက်လက် ရှိနေအောင် ဖြောင်းဖျနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

ပေါ်တူဂီ အခြေစိုက် Record သတင်းဌာနကလည်း ဥရောပ ထိပ်သီးအသင်းတွေက ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်မဝင်စားကြကြောင်း ထပ်ဆင့် အတည်ပြုပေးထားသလို ရိုနယ်ဒိုအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ စပို့တင်း လစ္စဘွန်းဆီ ပြောင်းရွှေ့ချင်ရင်တောင် စပို့တင်း လစ္စဘွန်းရဲ့ ဘုတ်အဖွဲ့က သူ့ကို ပြန်ခေါ်ဖို့ တွန့်ဆုတ်နေကြောင်း ဖော်ပြထားပါတယ်။