ပေါ်တူဂီအသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်တဲ့ တိုက်စစ်မှူးခရစ္စတီယာနိုရော်နယ်ဒိုက မကြာခင်ရက်ပိုင်းအတွင်းမှာ စတင်ကျင်းပတော့မယ့် ယူရို-၂၀၂ဝပြိုင်ပွဲမှာ ပေါ်တူဂီလက်ရွေးစင်အသင်းကို ဦးဆောင်လာတော့မှာဖြစ်ပြီး ဒီယူရိုဖလားဟာလည်း သူရဲ့ကစားသမားဘဝအတွင်းမှာ ရယူခဲ့ဖူးတဲ့ ဆုဖလားတွေအနက် သူ့အတွက် အလွန်ကို အရေးပါလှတဲ့ ဆုဖလားတစ်ခုဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sport

အသက်(၃၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ ၂၀၁၆ယူရိုပြိုင်ပွဲတုန်းက ပေါ်တူဂီအသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့ပြီး ဒါဟာ သူ့အတွက်တော့ လက်ရွေးစင်အသင်းနဲ့အတူ ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တဲ့ ဆုဖလားတစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။ အခု ဒီဆုဖလားကြီးကို ပေါ်တူဂီအသင်းနဲ့အတူ (၂)ကြိမ်ဆက်တိုက် ရယူလို့သွားနိုင်မယ့် အခွင့်အရေး ရှိနေချိန်မှာ ထပ်မံဗိုလ်စွဲချင်တယ်လို့ ရော်နယ်ဒိုက ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ ယူရိုပြိုင်ပွဲနဲ့ပတ်သက်ပြီး ရော်နယ်ဒိုက “၂၀၁၆ခုနှစ်ရဲ့ ယူရိုပြိုင်ပွဲအစက ကျွန်တော့်အတွက် အတော်လေးကို ကောင်းမွန်ခဲ့ရပါတယ်”

Photo Credit : Red Devil Armada

“ဒါပေမယ့် ပြင်သစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဗိုလ်လုပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့ရလို့ ကျွန်တော် အတော်လေးကို ဝမ်းနည်းခဲ့ရတယ်။ အဲ့ဒီပွဲ ပြီးဆုံးသွားတဲ့အချိန်မှာတော့ ကျွန်တော် ပျော်ရွှင်မှုတွေနဲ့ ငိုကြွေးခဲ့ရတယ်။ ပွဲအတွင်းမှာပဲ ကျွန်တော် စိတ်ခံစားချက်(၃)မျိုးလောက်နဲ့ ကြုံတွေ့ခံစားခဲ့ရတယ်။ ဒါပေမယ့် အဲ့ဒီနေ့ရက်အပြီးမှာပဲ ကျွန်တော်ခံစားခဲ့ရသမျှ အရာတွေက မယုံနိုင်စရာတွေ ဖြစ်ခဲ့ရတယ်။ ဒါကြောင့် ဒီဆုဖလားက ကျွန်တော်ရဲ့ဘောလုံးသမားဘဝအတွင်း အလွန်ကို အရေးကြီးတဲ့ အရေးပါတဲ့ ဆုဖလားတစ်ခု ဖြစ်နိုင်ပါတယ်။ ဒီဆုဖလားကြီးကို (၂)ကြိမ်ဆက်တိုက်သာ ဆွတ်ခူးရမယ်ဆိုရင် ဒါဟာ အံ့မခန်း အောင်မြင်မှုကြီးတစ်ခု ဖြစ်သွားရမှာ။ ကျွန်တော်တို့အသင်းအနေနဲ့ကလည်း ပြိုင်ပွဲတစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်တိုင်းမှာ ရည်မှန်းချက်ထားပြီးပဲ ယှဉ်ပြိုင်တတ်တာ သေချာပါတယ်။ ကျွန်တော်တို့က အသင်းကောင်းတစ်သင်းပါ။ ဒါပေမယ့် ဒီပြိုင်ပွဲအတွင်းမှာ အရမ်းကို အင်အားတောင့်တင်းလှတဲ့ အသင်းတွေ များစွာ ပါဝင်နေတာကိုလည်း ကျွန်တော်တို့ သိရှိထားပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ကစားသမားဘဝအတွင်း ဆုဖလားပေါင်းများစွာကို သိမ်းကျုံးရယူထားနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့လည်း ယူရိုဖလားအပါအဝင် UEFA Nations League ဆုဖလားကိုပါ ပြိုင်ပွဲရဲ့ ပထမဆုံးအကြိမ်မှာပဲ ရယူထားနိုင်ခဲ့ပါသေးတယ်။