ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးအစီအစဉ် လုပ်ဆောင်နေတဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုကတော့ သူရဲ့လက်ရှိကလပ် ယူနိုက်တက်သာ ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်လာနိုင်ဘူးဆိုရင် အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ဖလား ရရှိစေချင်တယ်လို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

Photo Credit : DAZN

နာမည်ကျော် ရုပ်သံတင်ဆက်သူ အာဆင်နယ်အသင်းကို အားပေးသူ ပီယာ့စ်မော်ဂန်နဲ့ မိနစ်(၉၀)စာ အင်တာဗျူး လုပ်ဆောင်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ သူရဲ့ အင်တာဗျူးအတွင်း သူ ကြုံတွေ့နေရတဲ့ အကြောင်းကိစ္စတွေကို မကွယ်မဝှက် ထုတ်ဖော် ပြောဆိုမှုတွေ လုပ်ဆောင်လာခဲ့ရာ အခုလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ပတ်သတ်ပြီး သူရဲ့ယူနိုက်တက်အသင်းမှ မဟုတ်ရင် ပြိုင်ဘက်အသင်းတွေထဲကမှ မော်ဂန်ရဲ့ အနှစ်သက်ဆုံး အသင်းဖြစ်သော အာဆင်နယ်ကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာဖို့ မျှော်လင့်မိတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

“မန်ချက်စတာယူနိုက်တက်မှ မဟုတ်ရင် အာဆင်နယ်ကို ပရီးမီးယားလိဂ်ဖလား ရရှိစေချင်ပါတယ်။ မန်ချက်စတာယူနိုက်တက်သာ ပရီးမီးယားလိဂ်ဖလားကို မရယူနိုင်လို့ အာဆင်နယ်ကသာ ရယူနိုင်ခဲ့မယ်ဆိုရင် ကျွန်တော် ဝမ်းမြောက်မိမှာပါ။ သူတို့အသင်းကိုရော သူတို့ရဲ့ နည်းပြကိုရော ကျွန်တော် သဘောကျပါတယ်။ အာဆင်နယ်က အသင်းကောင်းတစ်သင်း ဖြစ်နေပြီလို့ ကျွန်တော် ထင်ပါတယ်” ဆိုပြီး ရော်နယ်လ်ဒိုက မော်ဂန်ရဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ ဆယ်စုနှစ် နှစ်ခုနီးပါးလောက်ပင် ရှိနေပြီဖြစ်ပေမယ့် ဒီရာသီမှာတော့ အကောင်းဆုံးသော စွမ်းဆောင်ရည်တွေနဲ့အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ဦးဆောင်လျက် ရှိနေပြီး ဒုတိယနေရာကို ရောက်ရှိနေတဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကိုပါ (၅)မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ အမှတ်ပေးဇယားမှာ အဆင့်(၅)နေရာကို ရောက်ရှိနေတဲ့ ရော်နယ်လ်ဒိုရဲ့ ယူနိုက်တက်အသင်းကိုလည်း (၁၁)မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပေမယ့် ဒီရာသီ အိုးထရက်ဖို့ဒ်မှာ ဆုံတွေ့ခဲ့စဉ်ကတော့ ယူနိုက်တက်က အာဆင်နယ်ကို (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ယူထားခဲ့ပါတယ်။