အီတလီ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်းကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြန်လည် ပြောင်းရွှေ့လာခဲ့တဲ့ ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို ကတော့ သူဟာ ဆရာဟောင်းကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြန်လာတာပါလို့ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းရဲ့ လူအင်အားနဲ့ ချန်ပီယံလိဂ် ဆုဖလားကို စိန်ခေါ်နိုင်စွမ်း မရှိဘူးလို့ ယူဆတာကြောင့် အသင်းကနေ ထွက်ခွာခွင့် တောင်းခံခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြန်လည် ပြောင်းရွှေ့ခဲ့တာပါ။

Photo Credit: Daily Mail

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရိုနယ်ဒိုကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း + အပိုဆုကြေး ယူရို ၈သန်းနဲ့ ဂျူဗင်တပ်အသင်း ကနေ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး ရိုနယ်ဒိုက ယူနိုက်တက်အသင်းနဲ့ ၂နှစ် + ၁နှစ် ဆိုတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

ယမန်နေ့ညပိုင်းမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရိုနယ်ဒိုကို အသင်းရဲ့ ဝတ်စုံနဲ့ တရားဝင် ကြေညာမှု ပြုလုပ်ခဲ့ပြီး ရိုနယ်ဒိုကလည်း မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြန်လည် ပြောင်းရွှေ့ရတဲ့ အပေါ် သူ့ရဲ့ ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။ ရိုနယ်ဒိုက သူဟာ ဆရာဟောင်း ဆာအဲလက်စ် ဖာဂူဆန်ကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြန်လည် ပြောင်းရွှေ့ခဲ့တာ ဖြစ်ကြောင်း အဓိက ပြောကြားသွားပါတယ်။

Photo Credit: Daily Mail

မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြန်လည် ပြောင်းရွှေ့လာရတဲ့ အပေါ် ရိုနယ်ဒိုက – “ ကျွန်တော့်ကို သိတဲ့ လူတိုင်းက ကျွန်တော် မန်ချက်စတာ ယူနိုက်တက်အသင်းအပေါ် အဆုံးမရှိ ချစ်တယ် ဆိုတာ သိကြပါတယ်။ ယူနိုက်တက်မှာ ကျွန်တော် ကုန်ဆုံးခဲ့တဲ့ အချိန်တွေ ၊ ကျွန်တော်တို့တွေ အတူတကွ ရယူခဲ့ကြတဲ့ အောင်မြင်မှုတွေ အားလုံးက ကြီးကျယ်ခမ်းနားတဲ့ သမိုင်းကြောင်းနဲ့ ဆက်စပ်နေပါတယ်။ ကျွန်တော် အိုးထရက်ဖို့ဒ်ဆီ ပြန်ရောက်လာတဲ့ အကြောင်းကို ကမ္ဘာအနှံ့မှာ ကြေညာနေတာ မြင်ရတော့ ကျွန်တော် ဘယ်လို ခံစားရလဲ ဆိုတာကို ပြောတောင် မပြောပြနိုင်ပါဘူး။ ဒါက အိမ်မက်တခု အမှန်တကယ် ဖြစ်လာသလိုပါပဲ။ နှစ်ပေါင်းများစွာ ကြာပြီးနောက် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရတဲ့ အချိန်တွေ ရှိခဲ့ပေမယ့် ပရိသတ်ဘက်က ကျွန်တော့်ကို ချစ်ခင်လေးစားနေဆဲ ဆိုတာ မြင်ရတော့ အတော်ကို ကျေနပ်မိပါတယ်။ ဒီအချက်ကပဲ ကျွန်တော့်ကို ယူနိုက်တက်ဆီ ပြန်လာဖို့ စိတ်ကူးယဉ်စေခဲ့တာပါ။

Photo Credit: Daily Mail

ကျွန်တော့်ရဲ့ ပထမဦးဆုံး လိဂ်အောင်မြင်မှု ၊ ပထမဦးဆုံး ပြည်တွင်း ရှုံးထွက်ဖလား အောင်မြင်မှု ၊ ပထမဦးဆုံး ပေါ်တူဂီအသင်း အတွက် ဆင့်ခေါ်ခံရမှု ၊ ပထမဦးဆုံး ချန်ပီယံလိဂ် ၊ ပထမဦးဆုံး ရွှေဖိနပ်ဆု ၊ ပထမဦးဆုံး ရွှေဘောလုံးဆု အရာအားလုံး ကျွန်တော်နဲ့ သရဲနီတို့ရဲ့ ကြားမှာ ရှိတဲ့ ထူးခြားတဲ့ သံယောဇဉ်ကြားမှာ ဖြစ်ပေါ်ခဲ့တာပါ။ ဒါတွေအားလုံးက အတိတ်ရဲ့ သမိုင်းကြောင်းတွေပါ။ အခုတော့ ကျွန်တော်တို့တွေ သမိုင်းသစ် တခု ရေးထိုးရမယ့် အချိန်ကို ရောက်နေပါပြီ။ ကျွန်တော် ခင်ဗျားတို့ကို ကတိပေးပါတယ်” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။

ဒါနဲ့တင် မကသေးပဲ ရိုနယ်ဒိုက သူ ပြန်လာရတာဟာ ဆရာဟောင်း ဆာအဲလက်စ် ဖာဂူဆန် အတွက် ဖြစ်ကြောင်း ယခုလို ပြောခဲ့ပါသေးတယ်။ ရိုနယ်ဒိုက – “ဆာအဲလက်စ်… ကျွန်တော် ပြန်လာတာ ဆရာ့အတွက်ပါ” လို့ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။