MySport Myanmar

ချန်ပီယံလိဂ် ကန်ချင်တာကြောင့် အသင်းကနေ ထွက်ခွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ ရိုနယ်ဒို

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ချန်ပီယံလိဂ် ကန်ချင်တာကြောင့် အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ တောင်းဆိုခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျူဗင်တပ်ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၄သန်းနဲ့ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Express

ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်ဆီ ပြန်လည် ရောက်ရှိလာပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၄ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အတော်လေးကို ရလဒ်တွေ ဆိုးဝါးခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရသလို ဆုဖလားတွေလည်း တလုံးမှ ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။

Photo Credit: Express

ဒါကြောင့်ပဲ ဆုဖလား အောင်မြင်မှုတွေကို ဆာလောင်သလို ကစားသမားဘဝ တလျှောက်လုံး ချန်ပီယံလိဂ်ပြိုင်ပွဲမှာသာ ကစားခဲ့တဲ့ ရိုနယ်ဒိုက သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရောက်လာရင် အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times Sportsက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ရိုနယ်ဒိုကို ခေါ်ယူဖို့ အတွက် ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးတို့က စိတ်ဝင်စားနေကြပြီး ရိုနယ်ဒိုကတော့ ချယ်လ်ဆီးထက် ဘိုင်ယန်မြူးနစ်ဆီသာ ပြောင်းရွှေ့ချင်နေပါတယ်။

Exit mobile version