MySport Myanmar

လက်ကျန်စာချုပ်ကို ဖျက်သိမ်းပေးဖို့ မန်ယူအသင်းထံ တောင်းဆိုလိုက်တဲ့ ရိုနယ်ဒို

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက မကြာသေးမီကပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ် ၊ စီအီးအို အာနိုးလ်တို့နဲ့ သူ့ရဲ့ အနာဂတ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာမှာ သူ့ရဲ့ လက်ကျန်စာချုပ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ပင်တိုင် သတင်းထောက် ဆိုင်မွန်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ရိုနယ်ဒိုက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျူဗင်တပ်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ၂နှစ် စာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် မရဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ယူနိုက်တက်ကနေ ထွက်ခွာချင်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရ ထိပ်သီးအသင်း တသင်းက သူ့ကို ကမ်းလှမ်းလာရင် အသင်းပြောင်းခွင့် ပေးဖို့ အသင်းထံ တောင်းဆိုထားပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့ရဲ့ အဓိက ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို အခုချိန်အထိ အသင်းကနေ ထွက်ခွာခွင့် မပေးချင်သေးသလို ရိုနယ်ဒိုကို ခေါ်ယူဖို့ အတွက် ကမ်းလှမ်းလာတဲ့ ဥရောပ ထိပ်သီးအသင်းတွေ မရှိသေးပါဘူး။

ဒါပေမယ့် ရိုနယ်ဒိုက လက်ရှိအချိန်အထိ ယူနိုက်တက်ကနေ ထွက်ခွာနိုင်ဖို့ လက်မလျှော့သေးပဲ တန်ဟက်ဂ် ၊ အာနိုးလ်တို့နဲ့ တွေ့ဆုံခဲ့စဉ်မှာ သူ့ကို အသင်းကနေ ထွက်ခွာခွင့် ပေးသင့်ကြောင်းနဲ့ သူ့ရဲ့ လက်ကျန်စာချုပ်ကို ဖျက်သိမ်းပေးသင့်ကြောင်း ထပ်မံ တောင်းဆိုခဲ့ပြီး သူကသာ အသင်းလက်မဲ့ ကစားသမား ဖြစ်သွားရင် သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ ရှိလာလိမ့်မယ်လို့ ယုံကြည်နေကြောင်း Daily Mail သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Goal

ယခုအချိန်မှာ အီတလီ စီးရီးအေကလပ် နာပိုလီကသာ ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အနေအထား တရပ်မှာ ရှိနေပြီး ရိုနယ်ဒိုကတော့ ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းကာ စပိန်လာလီဂါ အင်အားကြီးကလပ် အက်သလက်တီကို မက်ဒရစ်ဆီ ပြောင်းရွှေ့ချင်နေဆဲ ဖြစ်ကြောင်း ရိုနယ်ဒိုနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒိုကို စာချုပ်ဖျက်သိမ်းပေးဖို့ အစီအစဉ် မရှိသလို အကယ်၍ ရိုနယ်ဒိုကို မဖြစ်မနေ ရောင်းချရမယ် ဆိုရင်လည်း ရိုနယ်ဒို အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် လိုချင်နေကြောင်း သိထားရပါတယ်။

Exit mobile version