ဂျုဗင်တပ်စ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ပေါ်တိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပွဲစဉ်အပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးတဲ့ နောက်ပိုင်းကတည်းက သူရဲ့အနာဂတ်အခြေအနေတွေဟာ အတော်လေးကို လှုပ်ခတ်လာခဲ့ရတဲ့အပြင် ဂျုဗင်တပ်စ်အသင်းဘက်ကနေလည်း သူတို့ရဲ့ အဓိက ကစားသမား ရော်နယ်ဒိုကို လာမယ့်နွေစျေးကွက်မှာပဲ အသင်းကနေ ရောင်းထုတ်သွားဖွယ်ရှိနေတယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : Goal

အသက်(၃၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ ၂၀၁၈ခုနှစ်ကမှ ရီးရဲလ်မက်ဒရစ်အသင်းဆီကနေ ဂျုဗင်တပ်စ်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ဒေသတွင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့် အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ နှစ်တိုင်းရှုံးထွက်အဆင့်ကနေသာ လှည့်ပြန်နေရတာဖြစ်သလို ရော်နယ်ဒိုရဲ့အသက်အရွှယ်အရလည်း ကြီးရင့်လာခဲ့ပြီဖြစ်တာကြောင့် ဂျုဗင်တပ်စ်အသင်းဘက်ကနေ ရော်နယ်ဒိုကို စွန့်လွှတ်သွားဖို့ စီစဉ်လာခဲ့တာဖြစ်တယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

ဒီလို အနာဂတ်အခြေအနေတွေ လှုပ်ခတ်နေပေမယ့်လည်း ရော်နယ်ဒိုကတော့ “သင့်ရဲ့တစ်ဘဝတာမှာ ကျဆင်းခဲ့ရတဲ့ အရေအတွက်များစွာထက် အဲ့ဒီကျရှုံးမှုကနေ ဘယ်လောက်မြန်မြန် ပြန်လည်ရပ်တည်နိုင်မလဲဆိုတာကသာ ပိုအရေးကြီးပါတယ်။ တကယ့်ချန်ပီယံတွေက ဘယ်တော့မှ မပျက်ဆီးသွားဘူး။ အခု ငါတို့အားလုံးရဲ့ အဓိကပစ်မှတ်က ကာဂလီယာရီနဲ့ ကစားရမယ့် စီးရီးအေပွဲပါ။ စီးရီးအေမှာ ရုန်းကန်နေရပေမယ့် ငါတို့အသင်းက ကိုပါအီတလီယာပြိုင်ပွဲမှာ ဗိုလ်လုပွဲကို တတ်လှမ်းထားပါတယ်။ ငါတို့ ဒီနှစ်ရာသီမှာ ရယူလို့ရနိုင်ဦးမယ့် အောင်မြင်မှုတွေအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ အတိတ်သမိုင်းတွေက ပြတိုက်ထဲမှာပဲ ရှိတော့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘောလုံးမှာကတော့ အမှတ်တရတွေဆိုတာ ရှိနေပါတယ်။ ဘောလုံးသမိုုင်းကြောင်းကို ဖျက်လို့မရပါဘူး။ ခံနိုင်ရည် အသင်းစိတ်ဓတ် ဇွဲနဲ့ အလုပ်ကြိုးစားမှုများနဲ့ သမိုင်းကြောင်းကို နေ့တိုင်းရေးသားနေရပါတယ်။ ဒါကို နားမလည်တဲ့သူတွေကတော့ ဘယ်တော့မှ အောင်မြင်မှုတွေ ဆုဖလားတွေကို ရယူနိုင်မှာ မဟုတ်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။