အီတလီ စီးရီးအေ အင်အားကြီး အသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းနဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုကတော့ လက်ရှိမှာ ဂျူဗင်တပ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ပြည့်သွားပါက ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းထံကို ပြောင်းရွှေ့ဖို့ စဉ်းစားနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ လက်ရှိမှာ အသက် ၃၅နှစ် အရွယ်ရှိနေပြီ ဖြစ်တဲ့ ရိုနယ်ဒိုဟာ ၂၀၁၈ခုနှစ် ဇူလိုင်လမှာ ရီးရဲလ်မက်ဒရစ် အသင်းကနေ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့လာခဲ့သူ တစ်ဦးဖြစ်ပြီး ဂျူဗင်တပ်ထံ ပြောင်းရွှေ့ခဲ့စဉ်မှာ ၄နှစ်သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ဖြစ်တာကြောင့် ၂၀၂၂ခုနှစ် ဇွန်လအကုန်မှာ ဂျူဗင်တပ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။

Photo Credit: Tutto Sports

အီတလီ နာမည်ကြီး အားကစား သတင်းဌာနတစ်ခု ဖြစ်တဲ့ Tutto Sportရဲ့ ဖော်ပြချက်အရတော့ ရိုနယ်ဒိုဟာ လက်ရှိမှာ ဂျူဗင်တပ်အသင်းနဲ့ အသားကျနေပေမယ့် အသင်းနဲ့ သူနဲ့ကြားမှာ နွေးထွေးတဲ့ ဆက်ဆံရေး မရှိတာကြောင့် ယခု ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ပြည့်သွားပါက အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပြီး ဂျူဗင်တပ်အသင်းကလည်း ရိုနယ်ဒိုရဲ့ မြင့်မားတဲ့ လုပ်ခလစာကို ဆက်လက် ပေးချေလိုခြင်း မရှိတော့တာကြောင့် ရိုနယ်ဒိုကို စာချုပ်သစ် ကမ်းလှမ်းတော့မှာ မဟုတ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ရိုနယ်ဒိုနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ လက်ရှိမှာ ရိုနယ်ဒိုကို ခေါ်ယူဖို့ အတွက် တရုတ်စူပါလိဂ် ကလပ်အသင်း တချို့နဲ့ အမေရိကန် မေဂျာလိဂ် အသင်းတချို့က ကမ်းလှမ်း ထားကြပေမယ့် ရိုနယ်ဒိုဟာ ဥရောပမြေကနေ ထွက်ခွာလိုခြင်း မရှိဘူးလို့လည်း သိထား ရပါတယ်။

Photo Credit: Tutto Sports

ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ အချိန်မှာ အသက် ၃၇နှစ်အရွယ် ရှိနေမှာ ဖြစ်ပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံး အနေအထား တစ်ရပ်မှာ ထိန်းသိမ်း ထားနိုင်မယ် လို့ မျှော်လင့်ထားသလို ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းကလည်း ရိုနယ်ဒိုကို ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေသေးကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ ထားကြပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ပီအက်စ်ဂျီ အသင်းဟာ သူတို့အသင်းရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်ဖို့နဲ့ ဥရောပ ချန်ပီယံလိဂ်ဖလား ကို ရယူနိုင်ဖို့ အတွက် ရိုနယ်ဒိုကို ခေါ်ယူချင်နေတာ ဖြစ်ပြီး ဖြစ်နိုင်ပါက လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာပဲ ရိုနယ်ဒိုကို ခေါ်ယူဖို့ စတင် ကြိုးစားမယ်လို့ သိရှိ ရပါတယ်။