ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ပေါ်တူဂီရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံးအဆင့် ဗိုလ်လုပွဲမှာ ပေါ်တူဂီက မြောက်မက်ဆီဒိုးနီးယားကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် သူတို့အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ချီတက်လာပြီလို့ ကြုံးဝါးသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုဟာ ပေါ်တူဂီ သမိုင်းတလျှောက် အကောင်းဆုံး ဘောလုံးသမား အဖြစ် သတ်မှတ်ခံထားရသလို အသင်းကို ယူရိုဖလားတလုံးနဲ့ နေရှင်းလိဂ် ဆုဖလား တလုံးတို့ ရရှိအောင် ဦးဆောင်ပေးထားနိုင်သူပါ။

Photo Credit:  90 Mins

ရိုနယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီဟာ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် ကစားခဲ့ပေမယ့် အုပ်စုဗိုလ် မရခဲ့တာကြောင့် ကမ္ဘာ့ဖလား တိုက်ရိုက်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရကာ ကမ္ဘာ့ဖလားဝင်ခွင့် ရဖို့ အတွက် နောက်ထပ်တကြိမ် ခြေစစ်ပွဲကို ပါဝင် ယှဉ်ပြိုင် ကစားခဲ့ရာ အီတလီကို ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားတဲ့ မြောက်မက်ဆီဒိုးနီးယားကို အိမ်ကွင်းမှာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူရင်း ကမ္ဘာ့ဖလားပြိုင်ပွဲဆီ အရောက် လှမ်းနိုင်ခဲ့ပါတယ်။

ယခုတကြိမ် ကာတာမြေမှာ ယှဉ်ပြိုင် ကစားရမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ရိုနယ်ဒို အတွက် သူ့ရဲ့ ကစားသမား ဘဝမှာ နောက်ဆုံး ယှဉ်ပြိုင် ကစားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာဖို့ ရှိနေပြီး ရိုနယ်ဒိုကတော့ သူတို့ဟာ လူမှန် နေရာမှန်ကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်းနဲ့ ပရိသတ်တွေရဲ့ အစွမ်းကုန် အားပေးမှု အတွက် ကျေးဇူးတင်ရှိကြောင်း မြောက်မက်ဆီဒိုးနီးယားကို အနိုင်ရအပြီးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit:  90 Mins

ရိုနယ်ဒိုက – “ကျွန်တော်တို့ မျှော်မှန်းတဲ့ ပန်းတိုင်ကို အရောက် လှမ်းနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ဝင်ရောက်ခွင့် ရခဲ့ပြီ။ ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာ ပေါ်တူဂီနဲ့ သက်ဆိုင်တဲ့ ပြိုင်ပွဲတခုပါ။ အခုတော့ လူမှန် နေရာမှန်ကို ရောက်ရှိလာပါပြီ။ ကျွန်တော်တို့ကို အားပေးခဲ့ကြတဲ့ ပေါ်တူဂီ ပရိသတ်တွေကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်ဗျာ” လို့ သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ တဆင့် ပြောကြားသွားခဲ့တာပါ။