ဒီကနေ့မှာပဲ စတင် ကျင်းပသွားတော့မယ့် ယူရို-၂၀၂၄ပြိုင်ပွဲကြီးထဲမှာ ပါဝင်ဆင်နွဲမယ့် ပေါ်တူဂီ လကေ်ရွးစင်အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ဝါရင့် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ချန်လှပ်သင့်ပြီး အရန်စာရင်းမှာပဲ ထားသင့်တယ်လို့ ပြောဆိုမှုတွေအပေါ် ရော်နယ်လ်ဒိုကိုယ်တိုင် ပြန်လည် တုံ့ပြန်လိုက်ပါတယ်။

အသက် (၃၉)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ GOAT ကြီး ရော်နယ်လ်ဒိုဟာ ယူရို-၂၀၂၄ ခြေစစ်ပွဲမှာ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူရဲ့နောက် ဂိုးသွင်းအများဆုံး ဒုတိယနေရာမှာ ရှိနေပြီး သူရဲ့ကလပ်အသင်း အယ်လ်နာဆာအတွက်ကိုလည်း လိဂ်ဂိုး (၃၅)ဂိုးအထိ ဆော်ဒီလိဂ်ပြိုင်ပွဲမှာပါ စံချိန်သစ်တစ်ခုကို စိုက်ထူထားနိုင်ခဲ့ပါတယ်။

Photo Credit : Eurosport

ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတောင် ရော်နယ်လ်ဒိုက ပင်နယ်တီကနေသာ သွင်းဂိုးတစ်ဂိုးတည်းပဲ သွင်းယူနိုင်ခဲ့တာဖြစ်လို့ သူ့ကို ဘောလုံးသုံးသပ်သူတွေနဲ့ ဘောလုံးပရိသတ်တွေက ယူရို-၂၀၂၄ပြိုင်ပွဲမှာပါ အရန်ကစားသမားအဖြစ်သာ အသုံးပြုစေချင်နေပြီ ဂွန်ကာလို ရာမို့စ် ဒါမှမဟုတ် ဂျိုတာကိုသာ အထောင်တိုက်စစ်နေရာမှာ အသုံးပြုစေချင်နေပါတယ်။

ရော်နယ်လ်ဒိုကလည်း ကမ္ဘာ့ဖလားမှာ သူ့ကို အရန်ခုံပို့ခဲ့တဲ့ ပေါ်တူဂီနည်းပြဟောင်း ဆန်းတို့စ်နဲ့ အဆင်မပြေမှုတွေ ရှိခဲ့ပေမယ့်လည်း လက်ရှိနည်းပြ ရောဘတ်တို မာတီနက်ဇ်သာ ယူရိုပြိုင်ပွဲမှာ သူ့ကို အရန်ကစားသမားအဖြစ် သုံးမယ်ဆိုရင်တောင် သူက နည်းပြ ဆုံးဖြတ်ချက်ကို လေးစား လိုက်နာသွားမယ်လို့ ပြန်လည် တုံ့ပြန်လိုက်ပါတယ်။

Photo Credit : Goal

“ကျွန်တော်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းနေဖို့က အရေးအကြီးဆုံးပါပဲ။ အဲ့ဒီအတွက်လည်း ကျွန်တော် ပြင်ဆင်ထားပါပြီ။ အကောင်းဆုံးနည်းလမ်းတွေ ရလာအောင် ကျွန်တော် အမြဲတမ်း ပြင်ဆင်ပါတယ်။ ကျွန်တော်ရဲ့ နိုင်ငံအသင်းကို ကူညီပေးသွားဖို့နဲ့ နည်းပြရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာဖို့အတွက်လည်း အမြဲအဆင်သင့် ရှိနေမှာပါ။”

“ယူရိုဖလားကြီးကို ရယူနိုင်မယ်ဆိုတဲ့ အတွေးမျိုးလည်း ဖြစ်နေရပါမယ်။ အပြုသဘောဆောင်ပြီး တစ်ဆင့်ချင်းစီ လုပ်ဆောင်ရမယ်။ အတွေးဆိုတာ လွတ်လပ်စွာ တွေးနိုင်သလို ဒီအတွေးကို ပုံဖော်နိုင်တဲ့ အရည်အချင်းတွေလည်း ကျွန်တော်တို့အသင်းမှာ ရှိနေပါတယ်။ ကြိုးစားလုပ်ဆောင်မှု မရှိရင်တော့ ဘာအောင်မြင်မှု ရရှိမှာ မဟုတ်လို့ ကျွန်တော်တို့ အကုန်လုံး ကြိုးစားပြီး တိုက်ပွဲဝင်သွားရမယ်။” လို့ ရော်နယ်လ်ဒိုက ပြောဆိုလိုက်ပါတယ်။